အပိုင်း၁

Start from the beginning
                                    

တစ်စုံတခုသည် သူ့အပေါ်သို့ ဖိချုပ်ထားသကဲ့သို့ ခံစားရ၏။

"အမ... အမ... အမ"

သူသည် လည်ချောင်းကွဲမတတ်အော်ဟစ်ကာ ငိုကြွေးလိုက်မိလေသည်။
........................
"ဟေ့ ကောင်လေး ထ ထ ၊ ငပျင်းလေး"
တစ်ကိုယ်လုံးကို မ' ကာ ဆွဲထူခံလိုက်ရပြီးနောက် မျက်နှာချင်းဆိုင်တွင် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"အမလေး.... နဂါးလေး ငါက သေနေပြီမှတ်တာ၊ မနည်းနှိုးယူရတယ်"
ကိုဘပု.....
"ထတော့ ဟေ့ကောင်၊ မင်း နောက်နေ့တွေ ဒီလို စောက်ပျင်းကြီးနေလို့ကတော့ ဆောင်းတွင်းကြီး သင်္ကြန် ကျသွားမယ်မှတ်"
ထိုအခါမှ သူ အိပ်ရာမှ ပြာပြာသလဲထလိုက်ပြီး ကိုဘပုနောက်သို့ လိုက်လာလိုက်၏။
.........
မေမြို့ဆောင်း နံနက်ခင်းသည် မြူနှင်းတို့ဖြင့် ရစ်ဆိုင်းလွှမ်းခြုံနေ၏။ ဆိုင်၏ သွပ်အမိုးပေါ်သို့ နှင်းရည်စက်တို့ ကျနေသံမှာ စိတ်တည်ငြိမ်အေးချမ်းဖွယ်ဂီတသံစဉ်တစ်မျိုးနှယ်။ အအေးဓာတ်သည် နီညိုရောင် သိုးမွှေးအင်္ကျီအတွင်းသို့ တိုးဝှေ့ဝင်ရောက်ကာ အသည်းခိုက်သည်အထိ စိမ့်သွားလေသည်။ သူ ကြက်သီးမွှေးညှင်းတစ်ချက် ထသွားသည်။ ချမ်းလွန်းသဖြင့် သွားချင်းရိုက်နေကြသည်။

တီးခန်းထဲမှ ဘွိုင်လာအိုးသည် အပူနှင့်လေဖိအားတို့ ထိတိုက်မိကာ တစ်ချက်တစ်ချက် ထမြည်နေ၏။ ဒန်ရေကရားထဲတွင် ဆားအနည်းငယ်ထည့်ပြီး ရေနွေးဖြင့် နှပ်ထားသောလက်ဖက်အချိုခြောက်၏ မွှေးရနံ့သည် နှာခေါင်းဝသို့ တိုးဝင်လာတတ်သည်။ အကြော်ဖိုရှိ ဒယ်အိုးထဲတွင် ဆီပူစပြုနေပြီဖြစ်သဖြင့် မုန့်ဆရာက အီကြာကွေးတစ်ချောင်းကို ဆီပူထဲသို့ ထည့်ကာ စမ်း၍ ကြော်ကြည့်နေသည်။

ဆိုင်ခင်းပြီးနောက် သူသည် အဝတ်စုတ်တစ်ခုကို ရေစွတ်ကာ စားပွဲခုံများနှင့် ထိုင်ခုံများကို ဖုန်သုတ်လိုက်သည်။
အဖျော်ဆရာ ကိုဝင်းမြင့်က တီးခန်းထဲမှ နေ၍ သူ့ကို လှမ်းအော်နေသံ ကြားရသည်။
"ငကျစ်ရေ.... မင်း အဲ့ဒါပြီးရင် အကြမ်းပန်းကန်တွေ ရေဆေးလိုက်အုံး"
"ဟုတ်ကဲ့ ဦးတီး"
လှမ်းပြောလိုက်ရင်း ဆိုင်နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်။ ဘာလီချိုင့်ကို ကိုင်လိုက်ပြီး ရေခွက်တစ်ခုကို ယူကာ ရေစည်ထဲမှ ရေခပ်လိုက်သည်။ ရေစည်ထဲရှိ အပေါ်ယံရေမျက်နှာပြင်သည် အအေးဓာတ်ကြောင့် အပေါ်ရေတင်းနေလေသည်။ သူ၏ လက်ဖဝါးနှစ်ဖက်သည် အေးခဲလှသော ရေကြောင့် ထုံကျင်ကာ နီရဲ သွားလေသည်။ လက်ဖမိုးနှင့် ခြေထောက်တို့သည် ပက်ကြားအက်ကာ အနာများပင် ဖြစ်နေကြ၏။

မောင့်ငယ်ဖော်Where stories live. Discover now