"ပိုင်ခန့် ..."

ဆေးလိပ်ငွေ့အချို့ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်တဲ့ ပိုင်ခန့်ကိုက ဒီဘက်ကိုတော့ လှည့်ကြည့်မလာချေ။ ဗညားထွဋ်ခေါင် သက်ပြင်းချမိသည်။ မီးမညှိရသေးသော စီးကရက်ကို လက်မှာ ပြန်ကိုင် ထားလိုက်ရင်း -

"ငါ ပြန်တောင်းပန်ပေးမယ်လေ"

ပိုင်ခန့်ကိုက လှည့်ကြည့်လာ၏။

"မင်း မှားတယ်လို့ ထင်လို့လား"

‌ပိုင်ခန့်ကိုစကားကြောင့် ခေါင်းခါပြလိုက်သည်။ တကယ်လည်း မှားတယ်လို့ မထင်ပါ။ မှောင်ရိပ်ကျနေသော အုတ်ခုံကြောင့် သိပ်တော့မသဲကွဲပေမယ့်၊ ပိုင်ခန့်ကို မျက်လုံးတွေက မျက်မှောင်ကြုံ့ထားမှာ သေချာသည်။

"ငါ့ကို ဇာနည် ပြောပြသွားတယ်"

"အဲ့ဒီတော့ ... ငါ အလုပ်ပြုတ်မှာစိုးလို့ တောင်းပန်ပေးမယ်ပေါ့"

အခု ပိုင်ခန့်ကိုက ဘာကို မကျေမနပ် ဖြစ်နေသေးတာလဲတော့ မသိ။ အဲ့ဒီလူကို ပြန်တောင်းပန်ပေးမယ် ဆိုတာနဲ့တင် သူ့ကို ကျေးဇူးတင်သင့်သည် မဟုတ်လား။

"မလိုပါဘူး၊ မင်းကိုယ်မင်း မမှားဘူးထင်ရင် တောင်းပန်စရာ မလိုဘူး"

"အဲ့ဒါဆိုလည်း ပြီးတာပဲ၊ ငါက မင်းအလုပ်ထိခိုက်မှာစိုးလို့ ပြောတာ"

ပိုင်ခန့်ကိုက အရှေ့တည့်တည့်ကို ကြည့်နေရာကနေ ဗညားထွဋ်ခေါင်ဘက်ကို သေသေချာချာကို လှည့်လာ၏။ လက်ထဲက စီးကရက်ကို အုတ်ခုံမှာ မီးသတ်ကာ မြေပေါ်ချလိုက်သည်။ ပိုင်ခန့်ကိုဆီ နောက်ဆုံးကျန်ခဲ့သော စီးကရက်အငွေ့တချို့က ဗညားထွဋ်ခေါင် မျက်နှာနား ဝေ့ဝဲသွားကြသည်။

"ဒီပြဿနာမှာ မင်းကိုယ်မင်း မှားတယ်လို့ မထင်ဘူးပေါ့"

ပြန်ဖြေဖို့ ပြင်ပြီးမှ ခေါင်းပဲ ခါပြလိုက်သည်။ အမှောင်ရိပ်ထဲ အနီးကပ် မသဲမကွဲမြင်နေရသော ပိုင်ခန့်ကို အကြည့်တွေကို မရှောင်လွှဲမိဘဲ ပြန်ကြည့်မိနေရင်း လူက အားနည်းသလို ခံစားလာရသည်။ အဲ့ဒီ နားမလည်နိုင်တဲ့ ခံစားချက်ကြီး ထပ်ဖြစ်ပြန်ပြီ။ အခု မှားတယ်လို့ ကိုယ့်ကိုယ်ကို တွေးမိနေပြန်ပြီလေ။

Magic Hides My ManNơi câu chuyện tồn tại. Hãy khám phá bây giờ