Part 7

4.6K 364 21
                                    

Unicode

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့ကောင်ကို လှမ်းလည်းမခေါ်ချင်၊ နောက်ကနေလည်း လိုက်မသွားချင်တော့တာမို့ ဒီတိုင်းသာ ထိုင်ပြီး နေခဲ့လိုက်သည်။ အခုအတိုင်းဆို အခြေအနေတွေက ပုံမှန်တော့ မဟုတ်ပါ။ ကိုမင်းထွန်းက သူ့ကို ဆောင့်တွန်းပြီး ဆွဲထိုးဖို့လုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ ‌နေ့မကူးခင် အလုပ်ပြုတ်သွားမဲ့အပြင် ပြဿနာအကြီးကြီးတက်မဲ့ကိစ္စကို အဲ့လူတွေ လုပ်ရဲမှာ မဟုတ်ပါ။ အခုက ဗညားထွဋ်ခေါင်ကို လုံး၀မသိတဲ့လူတစ်ယောက်လို ဆက်ဆံနေကြတာ မဟုတ်လား။

အရေးကြီးတာက ဖေဖေနဲ့တွေ့ရမည်။ ပြီးတော့ မေမေ့ဆီကို ရအောင် ဆက်သွယ်ဖို့လည်း လိုသည်။ အိမ်ကို ဘယ်လိုမှ ပြန်လို့မရဘူးဆိုရင် ဖေဖေ့ ရုံးခန်းကို အရင်လိုက်သွားရမည်။ ပြီးမှ ကွန်ဒိုကို သွားရမည်။ ကိုယ့် အတွေးနဲ့ကိုယ် အစီစဉ်ချနေတုန်း ရင်ဘတ်ထဲမှာ အန်ချင်လာသလို ပျို့တက်လာ၏။ မအီမသာ ခံစားချက်ကြီးနဲ့ ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘဲ လမ်းဘေးမှာပဲ ထိုးအန်ချလိုက်ရသည်။

စောစောက စားထားတဲ့ မုန့်ဟင်းခါးတွေကြောင့်ဖြစ်လိမ့်မည်။ မနေ့က တစ်နေကုန် ဘာမှ မစားထားတာကြောင့် ဗိုက်ဆာနေတဲ့အချိန်မို့သာ စားလိုက်ပေမယ့် မနက်စောစောမှာ ဒီလို အစားအစာတွေ တစ်ခါမှ မစားဖူးချေ။ မုန့်ဟင်းခါးကို အိမ်မှာချက်ရင်တောင် စားတာမဟုတ်ပါ။

"ဘာဖြစ်တာလဲ .."

ဘာလို့ပြန်လှည့်လာမှန်းမသိပေမယ့် ပိုင်ခန့်ကိုက ဘေးနားကို ပြန်ရောက်လာသည်။ စားထားသမျှတွေ ပြန်အန်လိုက်အပြီး လူက မောဟိုက်သွားသလို ခေါင်းထဲမှာလည်း မူးနောက်နေ၏။

"ဗညားထွဋ်ခေါင် ... မင်း အဆင်ပြေရဲ့လား"

ပုခုံးကိုကိုင်ရင်း မေးနေသော ပိုင်ခန့်ကို ကို မော့ကြည့်ကာ ဘာကြောင့်မှန်းမသိ ရင်ထဲမှာ ၀မ်းနည်းစိတ်က လှိုက်ခနဲ ဖြစ်လာ၏။ မငိုမိဖို့ ထိန်းထားတဲ့ကြားက ခေါင်းကိုငုံ့လိုက်ရင်း ငိုချလိုက်မိသည်။ ‌မိဘရှေ့မှာတောင် တော်ရုံမျက်ရည်ကျခဲတဲ့သူက သူစိမ်းတစ်ယောက်ရှေ့မှာ ဘာလို့ အလွယ်တကူ ငိုမိသွားလဲဆို‌တာတော့ မသိပါ။

Magic Hides My ManWhere stories live. Discover now