Part 26

3.6K 274 25
                                    

Unicode

"ဒီနေ့ အပြင်လိုက်ခဲ့ရမှာ" ဟု ဆိုကာ ခေါ်လာတာမို့ ဘယ်ကိုမှန်း မသိပေမယ့်၊ ဇာနည် ကားပေါ်တက်ကာ လိုက်လာခဲ့ရသည်။ ရဲမြတ်ထွဋ်ခေါင် ၀တ်ထားတဲ့ အ၀တ်အစားများအရတော့ အလှူအတန်းတစ်ခုခုနဲ့ ပတ်သတ်သော နေရာမျိုးပဲ ဖြစ်မည်။ လည်ကတုံး အဖြူစွတ်စွတ်နဲ့ တွဲ၀တ်ထားသော ပိုးပုဆိုး ကြက်သွေးရောင်က ရဲမြတ်ထွဋ်ခေါင်နဲ့ လိုက်ဖက်ညီစွာ အသားတကျ ဖြစ်နေ၏။

ထိုပုံစံမျိုးနဲ့ဆို အလှူအတန်းတစ်ခုခု အမြဲလုပ်တတ်ကြောင်း ရဲမြတ်ထွဋ်ခေါင်ရဲ့ Social Media Account တွေမှာ မြင်ဖူးနေကျ ဖြစ်သည်။ ဒါဆို ဒီလူ Media တွေခေါ်တာ၊ ဓာတ်ပုံရိုက်တာတွေရော လုပ်ဦးမှာလား မသိ။ မေးဖို့ပြင်ပြီး လှည့်ကြည့်လိုက်တဲ့အချိန် ဘယ်အချိန်ကတည်းက ကြည့်နေမှန်းမသိသော ရဲမြတ်ထွဋ်ခေါင်ကြောင့် ပြောမဲ့စကားတို့ရပ်ကာ ချောင်းဆိုးလိုက်မိသည်။ ရဲမြတ်ထွဋ်ခေါင်က ဘာဖြစ်တာလဲ ဆိုသော အကြည့်နှင့် ကြည့်နေသည်မို့ -

"ခင်ဗျား ရေမွှေးနံ့တွေကလည်း ... ချောင်းတောင် ဆိုးတယ်"

"ဟမ် ... အဲ့လောက်ကြီး မွှေးနေ‌တာလား"

ရဲမြတ်ထွဋ်ခေါင်က သူ့အင်္ကျီလက်ကို သူပြန်နမ်းကြည့်နေပြီးမှ -

"အဲ့လောက်လည်း မဟုတ်ပါဘူး ပုံမှန်ပါပဲ"

ကားအနောက်ခန်းထဲ ဘေးချင်းကပ်ထိုင်နေရသည်မို့ ရဲမြတ်ထွဋ်ခေါင်ဆီက ရနံ့တစ်ခုကို သေသေချာချာကို ရနေပေမယ့်၊ ဆိုးဝါးပြီး မွှေးအီလွန်းတဲ့ ရေမွှေးနံ့တော့ မဟုတ်ပါ။ ဇာနည် ရင်းနှီးနေကျမဟုတ်သော ရေမွှေးရနံ့လေးတစ်ခု။ ပန်းရနံ့လည်း မဟုတ်ဘဲ၊ ယောက်ျားဆန်သော ရနံ့ဟု ပြောရမည်လား မသိ။ ရေမွှေးရနံ့တွေကို ဇာနည် ဒီလောက် နားမလည်ပါ။ သို့သော် အခုရနေသော ရနံ့လေးကိုတော့ သဘောကျမိသည်။

"ဘာပြောမလို့လဲ"

"အော် ... ခင်ဗျား အခု အလှူတစ်ခုခုသွားလုပ်မှာ မဟုတ်လား"

"ဟုတ်တယ်လေ၊ မိဘမဲ့ကျောင်းမှာ သွားလှူမှာ၊ ခြောက်လတစ်ကြိမ် ဖေဖေလှူနေကျ အလှူပေါ့၊ ကိုယ်စား သွားပေးတာ"

Magic Hides My ManWhere stories live. Discover now