သူတို့​၏အမြင်တွင် အစ်ကိုနှင့်သူဟာ ပန်းကုန်သည်မောင်နှံသာဖြစ်သည်။ နောက်ဆုံးတော့ သူတို့ဟာ သာမန်လူလို ရှင်သန်နိုင်လေပြီ။

" ပန်ပေး..."

ဒေါဏ နှင်းဆီပန်းကို မဏိလက်ထဲပြန်ထည့်ပေးရင်း ဆိုသည်။  ထို့ကြောင့် မဏိ ပန်းကိုယူပြီး ဒေါဏ​၏နားရွက်နှင့် ဆံနွယ်များကြားထဲသို့ ဂရုတစိုက်ထိုးစိုက်လိုက်သည်။

ဒေါဏဟာ ယခုထိတိုင် အညိုရောင်သန်းသည့်ဆံသားများကို ခါးထိအောင်အရှည်ထားပြီး ဖြုန့်ချထားလေ့ရှိသည်။ ထို့အပြင် အဝတ်ပွပွဝတ်ထားလေ့ရှိသည့် ကိုယ်လုံးသေးသေးလေးကြောင့် မသိလျှင် မိန်းကလေးဟုထင်ရသည်။ ထို့ကြောင့်လည်း ရွာကလူအချို့က ဒေါဏကို အမျိုးသမီးဟုထင်ကာ မဏိကို ကလေးယူမည့်ကိစ္စနှင့်ပတ်သက်ပြီး ခဏခဏမေးမြန်းတတ်ကြသည်။ နောက်တော့ ဒေါဏက ယောက်ျားသားမှန်းသိသွားသည့်အခါ တစ်ရွာလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ရွာမှ မိန်းကလေးများကတော့ " ယောက်ျားတစ်ယောက်က ဘယ်လိုဖြစ်ပြီး ကျုပ်တို့ထက် လှနေရတာလဲ" ဟု ရင်ထုမနာဆိုကြသည်။

မဏိကတော့ ထိုစကားကို အပြည့်အဝထောက်ခံသည်။

" ဘာလို့အဲ့လောက်လှနေရတာလဲ"

မဏိစကားကြောင့် ဒေါဏ ရှေ့သွားလေးများပေါ်သည်အထိ လှပစွာပြုံးသွားသည်။

" ဒီနေ့ ပန်းတွေအများကြီးပွင့်တယ်ဆိုတော့ သွားရောင်းရင် ငွေတွေအများကြီး ရလာတော့မှာပဲ"

ဒေါဏ​၏စကားကို မဏိခေါင်းညိတ်ရင်း သူ​၏လက်တစ်ဖက်ကမူ ဒေါဏ​၏ဆံပင်များကို မသိဘာသာ ထိတွေ့ပွတ်သပ်နေသည်။

" အဲ့ကျ အဝတ်အစားအသစ်သွားဝယ်ရအောင်။ အရုဏက သင်္ကြန်ပွဲတော်ကျင်းပဖို့ တို့နှစ်ယောက်ကို ဖိတ်ထားတယ်။ အဲ့နေ့မှာ လှလှလေးဝတ်သွားရမယ်လေ"

" ကျွန်ုပ်မှာ ထုတ်မဝတ်ဖြစ်တဲ့ အဝတ်အစားတွေဖြင့် အများကြီးဟာ။ ထပ်ဝယ်ဖို့မလိုပါဘူး"

" မင်းသားရာထူးမရှိတော့ပေမဲ့လည်း မဏိစက္ကရဲ့ ဇနီးလေးက အသစ်ဝတ်ရမှာပေါ့။ ပြီးရင် ပန်းလေးပန်သွား။ ဒါဆို နန်းတွင်းအပျိုတော်တွေတောင် မင်းလောက်မလှနိုင်တော့ဘူး"

The Everlasting One (volume 2 + 3 )Where stories live. Discover now