ပထမဆုံးလက်ခံရရှိသည်က သူတို့ထိမ်းမြားမင်္ဂလာပွဲနေ့၌ဖြစ်သည်။ ထိုနေ့က ကတိသစ္စာပြုချိန်တွင် သူတို့နှစ်ဦးနှင့် ခြင်္သေ့ဖြူ အသဝနီမှလွဲ၍ တက်ရောက်ထောပနာပြုသူ တစ်ဦးမှမရှိချေ။ သူတို့ဟာ တောထဲရှိ စွန့်ပစ်ခြင်းခံထားရသော စေတီငယ်လေးတွင် အချင်းချင်း​၏မေတ္တာကို ဗဟိုပြု၍သာ ကတိကဝတ်စကားများ ဆိုခဲ့ကြသည်။

အပြန်လမ်းတွင် အစ်ကိုက သူ့ကို ခူးဆွတ်ရရှိမိထားသော တောပန်းလေးများကိုပေးသည်။

ငယ်ငယ်ကတည်းက အစီအစဉ်များ၊ ဗျူဟာများဖြင့် ရှင်သန်နေခဲ့သော ဒေါဏ​၏ဘဝတွင် ပထမဦးဆုံးအနေဖြင့် ဗရမ်းဗတာအခြေအနေကို ပျော်ရွှင်စရာအတွေ့အကြုံအနေဖြင့် ရရှိခဲ့သည်။

အစ်ကိုဟာ မင်းသားဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ပြီး သူဟာလည်း အလုပ်မရှိချေ။

သူတို့အတူတူ ကြုံရာကျပန်းလျှောက်သွားရင်း သေးငယ်သောရွာကလေးတွင် အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။

ခြင်္သေ့ပျံဖြစ်သည့် အသဝနီလည်း ပါသည်မို့ ရွာနှင့်ဝေးပြီး တောနှင့်နီးသည့်နေရာတွင် သူနှင့်အစ်ကိုဟာ ကိုယ်ထူကိုယ်ထစနစ်နှင့်သာ အိမ်ကလေးတစ်လုံး၊ ခြံဝန်းကလေးတစ်ဖုံ ဆောက်လုပ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အိမ်အနီးတွင် စမ်းချောင်းတစ်ခုရှိသောကြောင့် ရေကို ပေါပေါသီသီသုံးနိုင်သည်ဟုဆိုရမည်။

အိမ်ကလေးဟာ သေးသော်လည်း သူတို့နှစ်ဦးအတွက် အဆင်ပြေသည်။ ခြံကတော့ အလွန်တရာကျယ်ပြီး ခြံထဲတွင်လည်း သီးပင်၊ စားပင်၊ ပန်းပင်၊ သစ်ပင် မျိုးစုံအကုန် စိုက်ပျိုးထားသည်။

အစ်ကိုက ပန်းပင်များကို တစ်နိုင်တစ်ပိုင်စိုက်သည်။ ထို့နောက် ရရှိလာသော စိုက်ပျိုးထွက်ကုန်များကို ဈေးထဲသွားရောင်းချသည်။ ရလာသောငွေများနှင့် အသုံးအဆောင်ပစ္စည်းများပြန်ဝယ်ပြီး နောက်ပိုင်းတွင် ကြက်နှင့်ဘဲများနှစ်ကောင်စီဝယ်ယူလျက် အသားနှင့်ဥအတွက် မွေးမြူထားသည်။

သူတို့​၏ရွာကလေးက မြို့တော်နှင့်ဝေးကွာပြီး တောင်များဝန်းရံသောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်ဖြစ်ရာ အစ်ကို့ကို မင်းသားမဏိစက္ကမှန်း မည်သူမှ မသိကြချေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now