ထိုတွင်လည်း သူမနိုင်သေးပေ။

ကံကောင်းလွန်းသော သုန္ဒရီမှာ ဆက်လက်နိုင်နေစမြဲဖြစ်ပြီး သူမ​၏ လက်သေးသေးလေးများက နန္ဒနှင့် နဂါးမင်းသားအဏ္ဏကို နဖူးတောက်ရန် အားမာန်အပြည့်နှင့်ဖြစ်နေသည်။

သုန္ဒရီသည် နန္ဒကို တစ်ချက်၊ အဏ္ဏကိုတစ်ချက် နဖူးတောက်ချ​၏။

လက်ကသာ သေးသော်လည်း တပ်မှူးဖြစ်သော သူမမှာ လက်ဆတော့မသေးနေပါချေ။ သူမ တစ်ခါတစ်ခါ နဖူးတောက်လျှင် နဖူးတွင် အနီကွက်ကြီးဖြစ်၍ ကျန်ခဲ့သည်။

နန္ဒမှာ သူ​၏နဖူးကိုလက်ဖြင့်အုပ်ရင်း မြည်တွန်တောက်တီးနေ​၏။ သုန္ဒရီကမူ သူမ,ချည်းနိုင်နေသောကြောင့် အလွန်အမင်း ကျေနပ်အားရနေကာ

" ဒီနေ့တော့ ကျွန်ုပ်ရဲ့နေ့ပဲ"

ဟု ဘဝင်မြင့်စွာဆိုလိုက်သေးသည်။

နဂါးမင်းသားအဏ္ဏနှင့် နန္ဒသည် မျက်နှာကြီးရှုံ့မဲ့နေကြ​၏။ နဂါးမင်းသားက မျက်မှောင်ကြီးကုပ်၍ ဆူပုတ်ကာ

" ငါနိုင်လို့ကတော့ကွာ..."

ဟု ကြုံးဝါးသည်။  တစ်လက်စတည်းပင် ခရုခွံများကို လက်ထဲထည့်၍ ခလောက်ကာ ကြွေပန်းကန်ပေါ်ပစ်ချလိုက်သည်။

" နောက်ဆုံးတော့ နိုင်ပြီ!"

အော်ဟစ်လိုက်သူမှာ နန္ဒဖြစ်သည်။

နဂါးမင်းသားမှာ သူ​၏ကံဆိုးမိုးမှောင်ကျမှုကို လက်ခံလိုက်ဟန်ဖြင့် သက်ပြင်းကြီးကြီးချ​၏။

နန္ဒမှာ အကြာကြီးနေမှ ပြန်လည်အနိုင်ရခြင်းဖြစ်သောကြောင့် တက်ကြွနေကာ သူ​၏အင်္ကျီလက်များကိုတောင် ပင့်တင်လိုက်သေးသည်။ သူက နဂါးမင်းသားကို စိန်ခေါ်သည်။

" လာလိုက်တော့ အရှင့်သား"

နန္ဒမှာ အပြောကနောက်၊ လက်ကအရင်ဖြစ်​၏။ သူ​၏လက်က နဂါးမင်းသားအဏ္ဏ​၏နဖူးကို ဒေါက်ခနဲတောက်ချလိုက်ပြီးဖြစ်သည်။ ပြီးသည်နှင့် သုန္ဒရီ့ဘက်လှည့်ကာ

"နင်ကတော့ အသေပဲ"

ဟု မကျေချမ်းစွာဆိုသည်။

သုန္ဒရီသည် ကံကြမ္မာကိုလက်ခံလိုက်သူပမာ မျက်လုံးကိုစုံမှိတ်လျက် နဖူးပေါ်ကျရောက်လာမည့် နာကျင်မှုကို စောင့်ဆိုင်းနေ​၏။

The Everlasting One (volume 2 + 3 )Место, где живут истории. Откройте их для себя