လူမဟုတ်သော စွမ်းအားရှင်များ​နှင့် နတ်​၏တိုက်ပွဲဖြစ်လေရာ တခြားစစ်သည်များ ကြားဝင်မရသည်အထိ ပြင်းထန်လွန်းနေသည်။

အရုဏသည် အနှောင့်ယှက် အတိုက်ခိုက်ခံနေရသည့်ကြားမှပင် အကာအရံကို နောက်ဆုံးတစ်ချက် စွမ်းအားသုံးပြီး ရိုက်ချလိုက်သည်။ ထိုအခါ အကာအရံတွင် အက်ကွဲကြောင်းတစ်ခု တောက်လျှောက်ဖြစ်သွားပြီး အကာအရံ အားပျော့သွားကာ တစ်စစီ ပျက်စီးပျောက်ကွယ်သွားသည်။

အကာအရံပျက်စီးသွားသဖြင့် မင်းယောဇာ ကပျာကယာဖြစ်သွားသည်။ တွင်းပေါက်ဖွင့်ဖို့ကိစ္စကို သူအလျင်အမြန်ဆောင်ရွက်မှ ရတော့မည်မှန်း ချက်ချင်းအသိရှိလိုက်သည်။

မင်းယောဇာ အချိန်ရရှိစေရန် အသူရာနတ်များက အရုဏကိုလည်းကောင်း၊ နရတ်ကိုလည်းကောင်း၊ အဏ္ဏကိုလည်းကောင်း ဝိုင်းဝန်းတားဆီးကြ​၏။

ကျန်သော သုဒီပါ၊ နန္ဒတို့ဟာ မနေရစ်နေနိုင်တော့ဘဲ အဖမ်းဆီးခံထားရသော ယုဂန်ကို ကယ်တင်ရန်အတွက် လူအလောင်းကောင် တောင်ပို့ကြီးဆီ အပြေးသွားကြသည်။ ထိုအခါ မင်းယောဇာဘက်မှ မကောင်းဆိုးဝါးများက သူတို့ကို တားဆီးသည့်အနေဖြင့် တိုက်ခိုက်ကြ​၏။

ထိုအချိန်တွင် မင်းယောဇာသည် ပါးချုပ်ကို မြှောက်ကိုင်ကာ မန္တာန်များ အမြန်ရွတ်ဆိုနေသည်ဖြစ်သည်။ ပါးချုပ်​၏ဘေးပတ်လည်တွင် အနက်ရောင်အငွေ့များရစ်သိုင်းလာပြီး တစ်ပြိုင်တည်းဆိုသလိုပင် အရပ်လေးမျက်နှာမှ ပြင်းထန်သော လေပြင်းများ ဟုန်းဟုန်းထန် တိုက်ခတ်လာသည်။

ဝိဉာဉ်ချုပ် ပါးချုပ်ဟူသည် ဝိဉာဉ်များ အပြင်ထွက်မရအောင် သေချာစွာ ချိတ်ပိတ်ထားခြင်းဖြစ်သည်။ အဖုံးကို ဖွင့်လိုပါက အဖုံးဖွင့်မန္တာန်ကို သေချာရွတ်မှ ဖွင့်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင် အောက်သို့လွတ်ကျပါငြားလည်း အဖုံးပွင့်မည်မဟုတ်ချေ။

ထို့ကြောင့် မင်းယောဇာသည် အဖုံးဖွင့်မန္တာန်ကို ရွတ်ဆိုရမည်ဖြစ်​၏။ သူဟာ အဖုံးဖွင့်ရန် ပြင်ဆင်ခိုက်မှာတင် မြားတစ်စင်းဟာ သူရှိရာတည့်တည့်လာပြီး သူ့လက်ထဲမှ ပါးချုပ်ကို အရှိန်ပြင်းစွာ ဖြတ်တိုက်သွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now