အကာအရံအတွင်းတွင် ဆံပင်ရှည်များရှိသည့် မင်းယောဇာက ယုဂန်​၏သွေးကို ငွေဖလားတစ်လုံးနှင့် ခံယူပြီးနောက် မန္တန်များရွတ်ဆိုနေသည်။

ကောင်းကင်တွင် အနီရောင်တိမ်တိုက်များက မင်းယောဇာရှိရာနေရာကို ဗဟိုပြု၍ စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်လာကြသည်။

ယောဇာက မန္တာန်ရွတ်ဆိုပြီးသည့်သွေးများကို  မိုးပေါ်သို့ ပက်လိုက်သည်။ ထိုအခါ သွေးများသည် အောက်သို့ပြန်မကျလာဘဲ ကောင်းကင်ထက်တွင် ဆွဲငင်အားရှိသည့်ပမာ လေပေါ်သို့ ပျံသန်းသွားကာ လည်ပတ်နေသော တိမ်တိုက်များဆီ တဟုန်ထိုး စီးတက်သွားသည်။

ကိဏီက မင်းယောဇာကို အိုးတစ်ခုအရွယ်ရှိ ပါးချုပ်တစ်ခုကိုပေး​၏။ ထိုပါးချုပ်မှာ ဝိဉာဉ်သိမ်းဆည်းပါးချုပ်ဖြစ်ကာ တွင်းပေါက်ဖွင့်ရန်လိုအပ်သော ဝိဉာဉ်၇ သန်းကျော်ကို သိမ်းဆည်းထားသည်ဟု ယူဆရသည်။

ထိုအချိန်တွင် အရုဏသည် အစိမ်းရောင်စွမ်းအင်များစီးဆင်းနေသော လက်သီးဖြင့် အကာအရံကို ထုခွဲပြန်​၏။ ဒီတစ်ခါတွင်မူ အကာအရံဟာ ဒုန်းခနဲအသံမြည်သွားပြီး အက်ကွဲရာတစ်ခုဖြစ်ပေါ်လာသည်။

ထိုအခြင်းအရာသည် အသူရာနတ်များကို အံ့အားသင့်သွားစေ​၏။ သူတို့အချင်းချင်းကြား၌

" ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ဟူသော တီးတိုးစကားသံများပင် ပျံ့နှံ့သွားသည်။

အရုဏက အက်ကွဲကြောင်းကို ဖိ၍ ပြင်းထန်လွန်းလှသောအားဖြင့် ထုချေ​၏။ အက်ကွဲရာက ပိုပိုပဲ့ထွက်လာပြီး များမကြာမီမှာတင် လက်သီးဆုပ်အရွယ်အပေါက်တစ်ခုဖြစ်လာသည်။

ဘေးရှိ နရတ်သည် အရုဏကို ကူညီပြီး ထိုအပေါက်ကို မှော်အစွမ်းဖြင့် ဖြိုချချဲ့ထွင်ရန် ကြိုးပမ်း​၏။

အပေါက်က ပိုပိုကြီးလာပြီး လူတစ်ကိုယ်သာဝင်နိုင်ရုံမျှအထိ ကျယ်ပြန့်လာသည်။

အသူရာနတ်များမှာ မနေသာတော့ဘဲ အကာအရံအပြင်ဘက်ထွက်၍ အရုဏနှင့် နရတ်ကို နှောင့်ယှက်တိုက်ခိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် အဏ္ဏက ရှေ့မှကာ၍ အသူရာနတ်များကို တိုက်ခိုက်ပေးလာ​သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now