ဒီလူ ဘတ်ဟျွန်းကို ချစ်လာရင်တောင် အချိန်အကြာကြီး တွယ်ငြိနေဖို့ဆိုတာ မဖြစ်နိုင်ဘဲ။ ဘတ်ဟျွန်းအတွေးတွေနဲ့ လျှောက်လာနေရင်း အိမ်စည်းရိုးအုတ်တံတိုင်းဘက်မှာ သံတံခါးတစ်ခုကိုတွေ့ရသည်။ အနားတိုးသွားကြည့်တော့ ကလန့်ထိုးထားရုံနဲ့ သော့မခတ်ထား။ ဒါ အိမ်ရဲ့အနောက်ပေါက်ပေါ့။ အပြင်ကို ထွက်ကြည့်တော့ တကယ်ကို အိမ်တွေရဲ့ အနောက်ဘက်လမ်းကြားဖြစ်နေတာတွေ့ရသည်။ အိမ်ရာဝန်းဖြစ်တဲ့အတွက် လမ်းကျဥ်းကလေးကပင် နံရံကပ်ပန်းတွေ ကျောက်စရစ်ခဲလျှောက်လမ်းတွေနဲ့ အလှဆင်ခံထားရသေး၏။ အခုချိန် ဘတ်ဟျွန်းထွက်သွားလိုက်မယ်ဆိုရင် ဘယ်သူမှ မသိနိုင်။ အိမ်ပြန်ရောက်မှ ခေါင်းကိုက်လို့ ပြန်သွားတာဆိုပြီး ဖုန်းဆက်လိုက်မည်။
ကိုယ့်အတွေးနဲ့ကိုယ် အိမ်ပြင်ထွက်လိုက်ပေမယ့် ခေါ်သံက ဘတ်ဟျွန်းကို တုန်လှုပ်သွားစေ၏။
"အစ်ကိုလေး"
ဘယ်သူ့ကိုခေါ်လိုက်တာမှန်းမသိပေမယ့် ပြေးလာကြတဲ့ခြေသံတွေအရ လူတစ်ယောက်ထက်မနည်းပါ။ ဘတ်ဟျွန်း ဘာကိုစိုးရိမ်သွားမှန်းမသိဘဲ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးလာမိ၏။ ဘတ်ဟျွန်းနောက်ပါးရှိ ခြေသံတွေကလည်းထက်ကြပ်မကွာ။ ပြီးတော့...
တီ...တီ...
ဘတ်ဟျွန်းခြေလှမ်းတွေရှေ့ ပိတ်ရပ်လာသည့် DT ဆိုင်ကယ်အနက်ရောင်က ရုတ်တရတ်ဆန်လွန်း၏။ ဘတ်ဟျွန်းတင်မဟုတ်ဘဲ ဆိုင်ကယ်ပေါ်ကနေ ဘတ်ဟျွန်းကိုအံ့ဩတကြီးကြည့်နေသည့် မျက်ဝန်းဝိုင်းတွေ။ သေသပ်ညီညာတဲ့နှုတ်ခမ်းသားပြည့်ပြည့်တို့က ပွင့်ဟတော့မလို။ အနက်ရောင်ရှပ်အင်္ကျီပေါ်မှာ အနက်ရောင်ဂျက်ကတ်ရယ်၊ အနက်ရောင်ဘောင်းဘီရှည်ရယ်နဲ့သူက ဆိုင်ကယ်စီးဦးထုပ်လည်းမပါပါ။
"အစ်ကိုလေး..."
ပြေးလာတဲ့ခြေသံတွေနီးလာခြင်းနဲ့အတူ ဘတ်ဟျွန်းရှေ့ကဆိုင်ကယ်ပေါ် လွှားကနဲခုန်တက်လိုက်မိ၏။
"မောင်း မောင်း"
"ဘယ်ကို"
"လောလောဆယ် ဒီကနေ ဝေးအောင်သာ မောင်းလိုက်ပါဗျာ"
Part 1
Start from the beginning
