"ဟား အာပါးတို့ကဗျာ။ တစ်ဦးတည်းသောသားလေးဆိုပြီး တစ်သက်လုံးအလိုလိုက်နေရာကနေ အကြီးကြီးကိုရိုက်ချတော့တာပဲ"
ဘတ်ဟျွန်း စိတ်တိုလွန်းလို့ ခန္ဓာကိုယ်က သွေးတွေတောင် ပြောင်းပြန်စီးနေကြသလိုပင်။ ဒီစကားကိုပြောနေမိတာ ဘယ်နှကြိမ်မြောက်မှန်းလည်း မသိတော့။ အိုမားကို အားကိုးတကြီးလှမ်းကြည့်တော့လည်း နှစ်သိမ့်ပြုံးတွေကိုသာ ရသည်။
"တွေ့ကြည့်လိုက်ပါသားရယ်။ သားကိုကိုက သားကိုတွေ့ရင် သိပ်ပျော်မှာ"
"သား မပျော်ဘူးလေ။ သားမှ သူ့ကိုမသိတာ"
"သား သုံးလေးနှစ် အရွယ်တုန်းကဆို သူပဲသားကို ချီပိုးပြီးသွားလာနေခဲ့တာ လက်ကကိုချတာမဟုတ်ဘူး။ အိုမားတို့ထက်တောင် သားကိုသည်းသေးကဲသေးတာ"
"ကလေးချင်းများ လဲထားခဲ့လို့ အဲ့လောက်ထိ ညွှန်းနေတာလား အိုမား"
ပြောနေရင်း ဘတ်ဟျွန်း မျက်ရည်ပါဝဲချင်သွားရသည်။ မနေ့တည်းကနေ ဒီနေ့ညနေထိပြောနေသမျှက ဒီလူအကြောင်းတွေချည်းပဲ။ ဘတ်ဟျွန်း မသိတတ်ခင်အရွယ်မှာတည်းက သူ့နောက်ကို လိုက်"ကိုကို" ဆိုပြီး အရမ်းကပ်တွယ်ခဲ့တာတဲ့။ မသိတတ်ခင်ကဆိုတဲ့စကားကို တွင်တွင်သုံးပြီး ဘတ်ဟျွန်းမမှတ်မိတော့တဲ့အတိတ်က ကိစ္စတွေနဲ့ အနာဂတ်ကို ချည်နှောင်ချင်နေကြသည်။ သိပ်ပြီးခင်တွယ်ခဲ့ကြတယ်ဆိုတိုင်း ဒီအသက်အရွယ်မှတ်ဥာဏ်မှာ တစ်ခါမှမရှိဖူးတဲ့လူကို ဘတ်ဟျွန်း ဘယ်လိုစေ့စပ်ရမှာလဲ။
ပြီးတော့ အာပါးတို့၊ အိုမားတို့ကသာ သိပ်ဖြစ်ပြနေတာ။ သူတို့ဘက်က ဘတ်ဟျွန်းအပေါ် သဘောထားဘယ်လိုရှိမှန်းလဲ မသိဘဲ။ လူကြီးတွေချင်းသဘောတူညီမှုကိုမငြင်းဆန်နိုင်လို့ သူလည်းလက်ခံလိုက်ရတယ်ဆိုရင်တောင် ဆယ့်နှစ်နှစ်ကွာတဲ့ ဘတ်ဟျွန်းတို့ကြားက ဆက်ဆံရေးက ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာလဲတဲ့လေ။ ဘတ်ဟျွန်းအသက်က အခုမှ ၂၂။ ဒီလူအသက်က ၃၄။ ပြီးတော့ အသက် ၁၃နှစ်တည်းက ကနေဒါမှာကျောင်းတက်ပြီး အနောက်တိုင်းယဥ်ကျေးမှုတွေနဲ့ အသားကျခဲ့တဲ့လူ။ ပြီးတော့ သူတို့မိသားစုရဲ့လုပ်ငန်းတွေဆိုတာလည်း ကိုရီးယားစီးပွားရေးနယ်ပယ်မှာ နံပါတ်တစ်ရှိနေတာ။ ဒီလုပ်ငန်းတွေကိုမကြာခင်မှာ အမွေဆက်ခံပြီး ဘဝကိုတည်တည်တံ့တံ့ကြီး ဖြတ်သန်းတော့မှာ။
