" ဖယ်စမ်းပါ!"

ဟု ဒေါသတကြီးမာန်မဲသည်။ တဆက်တည်းပင် သူသည် မီးလောင်ရာ နန်းဆောင်ထဲသို့ မတွန့်မဆုတ်ပြေးဝင်သွားသည်။

ကိဏီသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး အကျပ်ရိုက်စွာဖြင့် သူမမျက်နှာသူပွတ်သည်။ ထိုအချိန်တွင် ရဲမက်တစ်ဦးက ကိဏီရှိရာသို့ ရေးကြီးသုတ်ပျာရောက်လာသည်။ ထိုရဲမက်က မင်းယောဇာဆီ သတင်းပေးပို့ရမည်ဖြစ်သော်လည်း မင်းယောဇာမှာ မီးပုံထဲတိုးဝင်သွားပြီမို့ ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် ကိဏီဆီသာ ပြေးလာခြင်းဖြစ်သည်။

"ပြဿနာတက်ပါပြီ"

ရဲမက်ကဆိုသည်။

ကိဏီ မျက်မှောင်ကြုတ်သွားသည်။ သူမ" လျှောက်စေ" ဟူသည့်သဘောဖြင့် မေးဆတ်ပြသည်။ ရဲမက်က လျှောက်တင်ရန် ဟန်ပြင်စဉ်မှာပင် တခြားသော ဒုတိယမြောက်ရဲမက်က ကိဏီဆီ ပျာယီးပျာယာရောက်ချလာပြန်သည်။

"ပြဿနာတက်ပါပြီ"

ကိဏီ မျက်မှောင်ပို၍ကြုတ်သွားပြီး

" ဘာလို့နှစ်ယောက်တောင်ပြဿနာတက်နေတာလဲ"

ဟု စိတ်ရှုပ်စွာဆိုသည်။ ရဲမက်နှစ်ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက်လှည့်ကြည့်မိကြ​၏။

ကိဏီက ပထမရဲမက်ဘက် လက်ညှိုးထိုးကာ

" မင်းအရင်ပြော"

ဟုဆိုသည်။ ပထမရဲမက်က တုန်တုန်ယင်ယင်ဖြင့်ပြောသည်။

" မင်းသားအရုဏရဲ့တပ်က မြို့ရိုးကို တဟုန်ထိုးလာရောက်တိုက်ခိုက်နေပါပြီ"

ကိဏီမျက်နှာပျက်သွားသော်လည်း လေးလေးနက်နက်စဉ်းစားနေဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ကာ ဒုတိယရဲမက်ဆီ မေးဆတ်ပြသည်။

ထိုအခါ ဒုတိယရဲမက်က လျှောက်တင်သည်။

" ဝက်သွေးစည်းဗဟိုအင်းကွက်ပျက်စီးသွားပါပြီ"

ကိဏီမျက်လုံးပြူးသွား​၏။ မင်းသားအရုဏ မြို့ရိုးကိုတိုက်ခိုက်နေသည်မှာ ယခင်ကတည်းကဖြစ်သော်လည်း ဝက်သွေးစည်းဗဟိုအင်းကွင်ကြောင့်သာ မင်းသားအရုဏတက်မှာ နန်းတော်နားမကပ်နိုင်ခြင်းဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now