Episode- 4[Zawgyi]

82 8 2
                                    

အင်းယားကန်ရေပြင်ကြီးကို မြင်နေရတဲ့ ဒီနေရာ။ သျှန်းနှင့် နောက်ဆုံးရန်ဖြစ်ခဲ့တာ ဒီနေရာမှာ။ သျှန်းကို ပြတ်ဖို့ပြောခဲ့တာကလည်း ဒီနေရာ။ ယခုတော့ မြူ့ရဲ့ ရင်ခုန်သံတွေကို ရှာဖွေတွေ့ရှိချိန်မှာ ရောက်ရှိနေခဲ့တာကလည်း ဒီနေရာကိုသာ။ တိုက်ဆိုင်တာပဲလား။ ဒါမှမဟုတ် ကံတရားကပဲ မြူ့ဆီကို အငြှိုးတကြီးနှင့် မြှားဦးလှည့်လာနေလေသလား။

"သျှန်းနဲ့ပက်သက်ပြီး..မင်းလည်းကြားသင့်သလောက်တော့ကြားထားမှာပေါ့.."

"ဟုတ်ကဲ့.."

ခုံတန်းမှာထိုင်နေရင်း ငြိမ်သက်နေတဲ့ ကန်ရေပြင်ကိုသာ ငေးနေမိသည်။ အပါးတော်မြဲ စီးကရက်ကိုပင် ခဲဖို့သတိမရ။

"မောင်လေးက..အချိန်တိုင်းမင်းနာမည်ပဲတနေတယ်...မင်းကိုပဲခေါ်ခိုင်းနေတာ...မင်းကိုမတွေ့ရရင် ဆေးလည်းမသောက်ဘူး..ထမင်းလည်းမစားဘူးဆိုပြီး အကြောက်အကန်ကိုငြင်းနေတော့တာ..တို့လည်း..ဘာဆက်လုပ်လို့လုပ်ရမလဲတောင်မသိတော့လို့..အခုလိုမင်းဆီကိုထွက်လာခဲ့ရတာပါ...သျှန်းအစာရောဆေးရောမဝင်တာ၎ရက်လောက်ရှိနေပြီ...ဒီတိုင်းသာဆို...သူ့အတွက်မကောင်းဘူးလေ...မင်းတို့ကိုကူညီပေးနိုင်မလား.."

မြူတော့ဖြင့် သူပြောနေသည့် သျှန်းကိစ္စကို စိတ်မဝင်စား။ စိတ်လည်း မပူမိတာတော့အမှန်။ သို့သော် ထိုစကားကို ဆိုနေချိန်အတွင်း သူမရဲ့စကားသံတွေထဲ ရောယှက်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို မြူခံစားမိနေတာ။ မြူစိတ်ပူတာက သူမအတွက်သာ။ အဖေတစ်ယောက်ကို ဆုံးရှုံးထားရတာကတော့ မြူနှင့်အတူတူဆိုပေမဲ့ ယခုအချိန်မှာ သူက အမေတစ်ယောက်လုံးကိုပါ ပူပူနွေးနွေး ဆုံးရှုံးထားရရှာတာ။ တစ်ဦးတည်းသော အချစ်တော်လေး မောင်ဖြစ်တဲ့သူကလည်း ရူးနေလေပြီ။ ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲလေ။

အို...မြူအခု ဘယ်သူ့အတွက် စိတ်ပူနေတာလဲ။ တစ်ခြားသူတွေအတွက် လိုက်တွေးပေးဖို့ဆိုတာ မြူ့မှာ တာဝန်မှမရှိ။ မြူဘယ်သူ့အတွက်မှလည်း တွေးမပေးခဲ့ဖူးဘူး။ နောက်ဆုံး ဖတဆိုးသမီးလေးကို စောင့်ရှောက်ပေးလာခဲ့တဲ့ မာမီ့အတွက်ပင် မြူက တွေးမပေးတတ်။ မြူတွေးပေးစရာလည်း လိုတော့မလိုပါဘူးလေ။ ဒါမဲ့ မြူနှင့် သွေးလည်းမတော် သားလည်းမစပ်သည့် ဤအမျိုးသမီးအတွက် မြူက တွေးပေးနေမိတာလား။ စိတ်ပူပေးနေမိတာတဲ့လား။

မြကြေးမုံOpowieści tętniące życiem. Odkryj je teraz