Episode- 7[Unicode]

596 45 8
                                    

"ကျစ်....ဒီကားကတော့လုပ်ပြီကွာ..."

လူသွားလူလာ နည်းသည့် ဒီလိုနေရာမှာမှ စက်ထိုးရပ်သွားသည့် ကားကို မြူ မေတ္တာပို့မိပါ၏။ ဝပ်ရှော့ကို ဖုန်းဆက်ပြန်တော့လည်း ဖုန်းက မအားပြန်။ ဒီနေ့ဟာ မြူ့အတွက် ပြဿဒါးနေ့လေလား။

"ဟင်...ဟိုဟာ...မမကားပဲ..."

အကူအညီရလိုရငြား ကားလမ်းနံဘေးမှာ ရပ်နေရာမှ ရုတ်တရက် မြင်လိုက်ရသော ကားအနက်ရောင်လေးကြောင့် မြူတစ်ယောက် အားကိုးတကြီး ဝမ်းသာမိသွားသော်လည်း ထိုကားလေးက မြူရှိရာကို ဖြတ်ကျော်သွားပုံက သူစိမ်းဆန်လှပါရဲ့။ မြူတော့ ထိုင်သာ ငိုချင်မိတော့တာပါပဲ။ မမဟာ မြူ့အပေါ်ဆို သိပ်ကို စိမ်းကားလှ၏။

"မမကရက်စက်လိုက်တာ..."

မြူတစ်ယောက် စိတ်ပျက်လက်ပျက်နှင့်သာ ကားလမ်းနံဘေး ငုတ်တုပ်ထိုင်ချလိုက်မိပါရဲ့။ ထပ်၍ ဖြတ်သန်းလာသည့် ကားများကိုပင် မြူအလိုမရှိတော့။ ကားတစ်စီးဆီမှ အသံသဲ့သဲ့ကြားပါသော်လည်း မြူ ခေါင်းကိုပင် မော့မကြည့်မိတော့ပါ။

"ဘာဖြစ်နေတာလဲ..."

ခေါင်းငိုက်စိုက် ထိုင်ချနေတဲ့ မြူ့အရှေ့တည့်တည့်ကို လာရပ်သော နီညိုရောင် ကတ္တီပါဖိနပ်လေးနှင့် မြတ်နိုးရသော ခြေအစုံ။ မြူဝမ်းသာအားရ မော့ကြည့်လိုက်မိပါရဲ့။ မျက်ဝန်းထဲမှ မျက်ရည်များပင် ပါးပေါ် ခုန်ချသွားလေသလားမသိ။

"မမ...."

ပြန်လှည့်လာမည်ဟု ထင်မထားမိခဲ့တာတော့ အမှန်။ ပြန်လှည့်လာရင် သိပ်ကောင်းမှာဟု တွေးမိသော်ငြား မြူမမဆီမှ ဘာကိုမျှ မမျှော်လင့်ရဲခဲ့။ မဟုတ်ပါက မြူသာအထိနာရမည် မဟုတ်လား။

"ကားပျက်သွားလို့မမ..."

အားကိုးတကြီး ပြောလိုက်မိသံက ရှိုက်သံပင် အနည်းငယ် ပါသွားလေသလားမသိ။ မမက ဟက်ခနဲ လှောင်ရယ်၏။

"မြူခိုးရှင်ရယ်...ဒီလောက်လေးနဲ့ငိုစရာလား...တို့သိထားတဲ့မင်းကဒီလိုမိန်းကလေးမဟုတ်ပါဘူး..."

မှန်ပါရဲ့။ မြူခိုးရှင်က ဒီလိုမိန်းကလေးမှ မဟုတ်တာ။ မမနှင့် ပက်သက်မှသာ မြူဟာ ထိလွယ်ရှလွယ် ဖြစ်လာခဲ့ရတာလို့ ပြောလျှင် မုသားလို့ ထင်လေမလား။ ရာနှုန်းပြည့် မှန်ကန်ကြောင်းကိုတော့ ရင်ဘတ်ထဲက နှလုံးသားကသာ သက်သေ ထွက်ဆိုပေးနိုင်လိမ့်မည် ထင်ပါရဲ့။

မြကြေးမုံWhere stories live. Discover now