" ငါ ယုဂန်ကို ပြန်ခေါ်မယ်"

ထို့နောက် သူသည် ယုဂန်ကိုချီပွေ့ရင်းနှင့် ဆက်လက်ထွက်ခွာသွားသည်။

" အစ်ကိုတော် နေပါဦး"

နန္ဒတားသော်လည်း အရုဏမရပ်တန့်ပါချေ။

စံအိမ်တွင်းရှိ ရံရွေတော်နှင့် အစေခံများဟာလည်း မင်းသားကိုမတားဝံ့သည်မို့ အနောက်သို့ ရို့ရို့ကျိုးကျိုးဆုတ်ကာ လမ်းဖယ်ပေးကြသည်။  အရုဏ သွားနေသည့်လမ်းကြောင်းအရ မြင်းပျံဇောင်းရှိရာဆီ သွားနေသည်ဟု ခန့်မှန်းရသည်။

နန္ဒ လေပူတစ်ချက်မှုတ်လိုက်မိသည်။

" ငါတော့ အနောက်က လိုက်မှနဲ့တူတယ်။ ပီယံ့ကို အစ်ကိုတော်အရုဏ ထွက်သွားတဲ့အကြောင်း သတင်းပေးလိုက်ပါဦး"

" ဟုတ်ကဲ့ အရှင့်သား"

စောရံကို မှာကြားပြီးသည်နှင့် အရုဏနောက်သို့ နန္ဒပြေးလိုက်သွားသည်။

ထင်သည့်အတိုင်းပင် အရုဏသည် မြင်းပျံဇောင်းရှိရာဆီ ထွက်ခွာသွားပြီး ယင်းမှ မြင်းပျံတစ်စီးကို ရွေးယူသည်။
ထို့နောက် မြင်းပျံအပေါ် ယုဂန်ခန္ဓာကိုယ်ကိုတင်ကာ သူက အနောက်မှ ထိန်းကိုင်၍ မြင်းပျံနှင့် ပျံတက်သွားသည်။

နန္ဒသည်လည်း အနောက်မလှမ်းကမ်းမှလိုက်ကာ မြင်းပျံနောက်တစ်စီးယူ၍ အရုဏနောက်သို့ လိုက်လေသည်။

အရုဏသည် နန္ဒလိုက်လာမှန်းသိရှိ​၏။ သို့တိုင် နန္ဒကို မျက်ခြည်မဖြတ်ခဲ့ခြင်းမှာ နန္ဒကိုပါ လိုက်ပါလာစေကြောင့်ဟု ယူဆရသည်။

သူတို့အတန်ကြာ ခရီးနှင်ရ​၏။

နေ့မွန်းလွဲချိန်၌ စတင်ခရီးထွက်ခဲ့သည်မှာ ယခု ညနေစောင်းပင် ကျော်လွန်သွားပြီဖြစ်သည်။

နန္ဒသည် မြင်းပေါ်၌ ပျင်းရိပျင်းတွဲလိုက်ပါလာသည်။
တဖြည်းဖြည်းနှင့်သူဟာ ချမ်းအေးခြင်းကို ခံစားလာရသည်။

ညနေမို့ အေးလာခြင်းမဟုတ်။ ဟီရရှိ ဆောင်းရာသီထက် အဆတစ်ရာအေးသော ရေခဲတမျှအေးစက်ခြင်းမျိုး ရောက်ရှိလာခြင်းဖြစ်သည်။

ထိုအခါမှ နန္ဒသည် မိမိရောက်ရှိနေသည့်နေရာကို ငုံ့ကြည့်မိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now