9 U/Z

2.4K 64 0
                                    

၅နှစ်ရှိပြီတဲ့လား။ အစ်မနှင့် အတူနေဖူးသော အိမ်လေးကို သူ့ ပြန်ဝယ်ခဲ့သည့်မှာ ၄နှစ်ရှိပြီ ဖြစ်သည်။ ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်ပြီး ဆေးလိပ်ငွေ့တွေကို ခပ်ကြမ်းကြမ်းမှုတ်ထုတ်လိုက်မိလေသည်။

ပြတင်းပေါက်မှ တိုးဝင်လာသော လေနုအေးကို ရှူရှိုက်ရင်းလည်း ရီဝေနေသော မျက်ဝန်းတစ်စုံက အဝေးကို ကြည့်နေမိလေသည်။

အပုန်းတော်သည့် အစ်မ။ သူ့ ပြန်မလာတော့ဘူးဟု ထင်၍များ ခြေရာဖျောက်သွားလေသလား။  အခုထိ ဘယ်ဆီရောက်နေမှန်း မသိရသေးသော် သူကတော့ ထိုအိမ်လေးမှာ သူမ ပြန်အလာကို စောင့်နေမိလေသည်။

သူအိမ်ကို ပြန်ရောက်သည့်အခါ  မေမေ နှလုံးရှော့ခ်ဖြစ်ပြီး ဆေးရုံရောက်ခဲ့ရသည်။ ဒီမှာတင် ကုမရသဖြင့်  စင်္ကာပူထိသွားကာ မိခင်၏ ရောဂါဝေဒနာကို ကုသနေရသဖြင့် သူ့ အချိန်တွေ ၁နှစ်ကျော်လောက် စင်္ကာပူမှာသာ အချိန်ကုန်ခဲ့သည်။ သူ့ မြန်မာပြည်ကို ပြန်ရောက်သည့်နှင့်  မိခင်ကြီးအား ခွင့်တောင်းပြီး မိခင်ကြီးနှင့် အတူ အစ်မဆီကို သူ့ ပြန်လာခဲ့သည်။ သို့သော် သို့သော် အလာကောင်းပေမယ့် အခါနှောင်းခဲ့သည့် သူ့ အဖြစ်ကို မည်သူက စာနာမည်နည်း။ အစ်မက သူ့ခြံသူဝိုင်း အားလုံးကို ရောင်းချကာ ခြေရာဖျောက်သွားခဲ့လေသည်။

"အေးဗျာ စီရံ နဲ့ စောဦး ဒီခြံကို ရောင်းသွားတာ ဆရာလေး ပြန်သွားပြီး ၄လလောက်ကတည်းကပါ"

ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စကားက သူ့ နားထဲကို သံရည်ပူလောင်းချလိုက်သကဲ့သို့ ပူပြင်းသွားရလေသည်။ လူလည်း အရုပ်ကြိုးပြတ်ဖြစ်ကာ ပြိုလဲကျသွားရလေသည်။

ဒေါ်ခက်ခင်မှာလည်း သားဖြစ်သူအတွက် စိတ်မကောင်းရုံမှ တစ်ပါး မတက်နိုင်ခဲ့ပေ။
မင်းဉာဏ်သာမှာတော့ ရင်ထုမနာ နာကျင်ခြင်းတွေနှင့် အလဲလဲအပြိုပြိုဖြစ်ခဲ့ရလေသည်။

"ဘာလို့လဲ၊ ဘာလို့ခြေရာ ဖျောက်သွားရတာလဲ၊ ပြန်မလာတော့ဘူး ထင်လို့လား၊ ဘာလို့လဲ၊ ဘာလို့ သူ့ကို ခြေရာဖျောက်သွားရတာလဲ"

ယောကျာ်းတန်မဲ့ မရှက်နိုင်တော့ပါဘူး။ ဘေးမှာလူတွေရှိနေလည်း ဂရုမစိုက်နိုင်တော့ပါဘူး။ သူ့ဟာ မျက်ရည်လွယ်မုဆိုးကဲ့သို့ ငိုမိပါပြီ။

ရင်ခုန်တာအချစ်လားWhere stories live. Discover now