"နဂါးမျက်ရှင်က နဂါးတစ်ကောင်ရဲ့အသက်ပဲဟာကို၊ သူ့ကိုပေးခဲ့တယ်ပေါ့။ ခင်ဗျားပြောတော့ မင်းကြီးမဟီနဲ့က ချစ်သူမဟုတ်ဘူးဆို"

" မဟုတ်ဘူးလေ။ အကြောင်းရှိလို့ သူ့ကိုပေးခဲ့တာ"

" ဘယ်လိုအကြောင်းလဲ"

အဏ္ဏ ချက်ချင်းပြန်မဖြေသေးဘဲ ဆွဲကြိုးအလွတ်ကြီးကို ယုဂန်ဘက်သို့ ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် လက်ထဲကိုင်ထားသော နဂါးမျက်ရှင်ကို စိုက်ကြည့်ရင်း မပွင့်တပွင့်ဆိုသည်။

"  ပြန်ဝင်စားတဲ့ သူ့ကို ပြန်ရှာတွေ့အောင်လို့ ငါ့နဂါးမျက်ရှင်က ဘဝဆက်တိုင်း သူ့ဆီပဲရောက်ပါစေဆိုပြီး မန္တာန်မှုတ်ထားခဲ့တာ။ သူသေခါနီးအချိန်မှာ ငါသူ့ကို အဲ့ဆွဲကြိုး ဆွဲပေးခဲ့တယ်"

" ဒါမှ ခင်ဗျားက ပြန်ဝင်စားတဲ့သူ့ကို ရှာတွေ့မှာပေါ့။ အဲ့လိုလား"

​အဏ္ဏ ခေါင်းညိတ်သည်။

ယုဂန်မှာ သူ့ရှေ့ရှိ ခန့်မှန်းရခက်သောနဂါးကိုကြည့်ရင်း သနားရမည်လား၊ ကရုဏာဒေါသဖြင့် မာန်မဲရမည်လား မသိတော့ချေ။

ဒီနဂါးဟာ သူ့စွမ်းအားနှင့်အသက်ကိုရင်းပြီး အလောင်းကစားကြီးကြီးတစ်ခု ပြုလုပ်ခဲ့သည်။ ဤသည်က မိုက်မဲခြင်းလား၊ ရူးသွပ်ခြင်းလား ဝေခွဲ၍ မရနိုင်အောင်ပေ။

ယုဂန်: " အန္တရာယ်မများဘူးလား။ ခင်ဗျားက မန္တာန်မှုတ်ထားတာတော့ ဟုတ်ပေမဲ့ ဒီဆွဲကြိုး သူ့ဆီပြန်ရောက်နိုင်ချေက အရမ်းနည်းတယ်လေ။ ဒီကြားထဲ ခင်ဗျားမျက်ရှင်ကို တခြားလူ ရသွားတာတို့၊ ဖျက်ဆီးခံလိုက်ရတာတို့လည်း ဖြစ်နိုင်တယ်။ အဲ့အခါ ခင်ဗျားသေမှာ"

"အဲ့ကျတော့ရော ဘာဖြစ်လဲ။ ငါက နေမထူး သေမထူးပဲဟာ။ မဟီနဲ့မတွေ့ခင် သေရမယ်ဆိုရင်တောင် ငါအေးအေးဆေးဆေးသေနိုင်တယ်"

ပခုံးတွန့်ကာ အေးဆေးပြောလာသည့် အဏ္ဏ​၏ဟန်ပန်ကြောင့် ယုဂန်မှာ မည်သည့်စကားဆက်ရမည်မသိ နှုတ်ဆိတ်သွားမိသည်။

အဏ္ဏက ဝမ်းနည်းနေပုံမပေါ်၊ ဒေါသထွက်နေသည်လည်း မရှိ၊ စိတ်ဓာတ်ကျနေခြင်းလည်းမဟုတ်၊ မိမိကိုယ်ကို အဆုံးစီရင်လိုသော အပြုအမူလည်းမပြပေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now