ကင်မ့်မေမေကို နှစ်ယောက်သား နှုတ်ဆက်ပြီးသည့်နောက် နားရန် အပေါ်ထပ်သို့ တက်လာခဲ့ကြသည် ။ ကင်မ်ကတော့ ခဏ အိပ်ဦးမည်ပြောသည် ။ သို့သော် ယခုလက်ရှိ အိပ်ရာပေါ်ရောက်နေသူမှာတော့ ရိုဆန်ပတ်ပင် ဖြစ်သည် ။
"ကင်မ် ကိုယ့်ရဲ့ ကင်မ် ၊ ကိုယ့်ရဲ့ အချစ်ကလေး"
"ရိုဆန်ပတ် ဘယ်လိုဖြစ်နေတာလဲ"
ကင်မ်သည် အိပ်ရာထက်တွင် ခြေလက်တို့ ဆန့်ထုတ်ရင်း လဲလျောင်းနေသော သူ့ဆီသို့ အလွန်ကို အနုပညာမြောက်သည့် မျက်စောင်းကလေးကို ပစ်ပေးသည် ။ ရိုဆန်သည် ထိုမျက်စောင်းတစ်ချက်၌ပင် ဇီဝိန်ချုပ်သွားနိုင်လေပြီ ။
"အန်တီက ထင်ထားတာထက် ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေတယ်"
"ရှင်က ကျွန်မအမေကို သဘောမကောင်းဘူးလို့ တွေးထားလို့လား"
ရှပ်အင်္ကျီအဖြူလေးကို ချွတ်လိုက်သော ကင်မ့်ကိုယ်ပေါ်၌ အနက်ရောင် အောက်ခံအင်္ကျီလေးတစ်ထည်သာ ကျန်ရှိတော့သည် ။ ရိုဆန့်မျက်နှာက ရဲခနဲ ။
"ကျွန်မက ရှက်သင့်တာမဟုတ်ဘူးလား"
ကင်မ်သည် ပြုံးစစဖြင့် သူ့ရှပ်အင်္ကျီကို ပြတင်းပေါက်နားက တန်းမှာ လှန်းရင်း ပြောသည် ။ Brightမှာ ရှိတုန်းက ကင်မ့်ပုံစံနှင့် ယခု ကင်မ့်ပုံစံသည် အတော်ကို ကွာခြားသည်ဟု ရိုဆန် ထင်လာမိသည် ။
အနက်ရောင် အောက်ခံအင်္ကျီနှင့် ဒူးအထက်တွင်ရှိသော အနက်ရောင်ဘောင်းဘီတိုအောက်မှ ဖြူဖွေးနေသော အသားအရေသည် နေမထိ ၊ လေမထိ မွေးလာခဲ့သည်ဟုပင် ထင်မှတ်ရသည် ။ မျက်နှာသေးသေးလေးသည် ပြောင်ရှင်းရှင်းဖြင့် အလွန်အူယားစရာ ကောင်းလှသည်ဟုလည်း ရိုဆန် ထင်မိသည် ။
"ရှင်ကလေ တကယ် ကြောင်တောင်တောင်လေး ၊ ကျွန်မဖြင့် ရှင့်ကို သိပ်အူယားတာ"
သူ လှဲနေသော ကုတင်ပေါ်သို့ တက်လာကာ ဘေးနား ဝင်လှဲလိုက်သော ကင်မ့်ကြောင့် သူ့နှလုံးခုန်သံများသည် Brightမှ လှမ်းကြားနိုင်သည်အထိပင် ။
နီးနီးကပ်ကပ်မြင်နေရသော လည်တိုင်ဖွေးဖွေးလေးနှင့် ရင်ညွှန့်လေးမှာ ရိုဆန်ပတ်မျက်နှာအား ခရမ်းချဉ်သီးတစ်လုံးလိုပင် နီရဲစေသည် ။
![](https://img.wattpad.com/cover/328891340-288-k712538.jpg)