"Santiagoဆီ သွားမလို့ ၊ လိုက်ဦးမလား ကိုယ့်ဒေါက်တာလေး"
ရိုဆန်ဟာ သူ့ဒေါက်တာလေးရဲ့ ပါးကို နမ်းခဲ့တဲ့ နေ့လယ်ပိုင်းကစပြီး ပိုရဲတင်းလာတော့တာပဲ ။ သူ ရဲတင်းတယ်ဆိုတာကလည်း ဘာပြောပြော ဒေါသလေးထွက် ၊ နှုတ်ခမ်းအနည်းငယ်ပဲ စူတတ်တဲ့ သူ့ဒေါက်တာလေးကြောင့်ပဲလေ ။ သူ့ဒေါက်တာလေးသာ သူ့အပြုအမူတွေကို တကယ် သဘောမကျဘူးဆိုရင် ရိုဆန် အခုလိုတွေ ဘယ်လုပ်လို့ရမလဲ ။ ဒေါက်တာလည်း သူ့ကို သဘောကျတယ်ဆိုတာ ရိုဆန် သိပါတယ် ။
"ဘာသွားလုပ်မှာလဲ"
သာမန် တနင်္ဂနွေ မနက်ခင်းတစ်ခုပင် ။ ရိုဆန်က ထုံးစံအတိုင်း ဒေါက်တာအိမ်မှာ ရောက်နေပြီး ဒေါက်တာကတော့ စာအုပ်တစ်အုပ်နဲ့ စာဖတ်နေတယ် ။ မသိရင် ရိုဆန်က လူကြီးအနားမှာ အမြဲလိုက်ကပ်နေတတ်တဲ့ ကလေးတစ်ယောက်လိုပဲ ။
"ဖရဲသီး သွားစားမလို့"
"ဖရဲသီးပဲ ဒီမှာ စားလို့မရဘူးလား"
"ဟင့်အင်း Santiagoတို့ခြံက ထွက်တဲ့ ဖရဲသီးက Brightတစ်ရွာလုံးမှာ စားအကောင်းဆုံးပဲ ။ ကင်မ့်ကိုလည်း စားကြည့်စေချင်တယ် ။ ပြီးရင် ဟိုမှာက ကင်မ်နဲ့ သက်တူရွယ်တူတွေလည်း ရှိတယ် ။ သူငယ်ချင်း လုပ်လို့ရမယ်လေ"
"ကျွန်မ သူငယ်ချင်း မလိုပါဘူး"
"အဲ့ဒါဆို ကိုယ့်ကိုရော မလိုဘူးလား"
ရိုဆန် ဝမ်းနည်းနေတဲ့ လေသံနဲ့ ဟန်ဆောင်မေးတော့ ကင်မ်က အလိုမကျတဲ့ မျက်နှာလေးနဲ့ ပြန်ကြည့်တယ် ။
ကင်မ့်ကို စနေရတဲ့ အချိန်တိုင်းမှာ ရိုဆန်ပတ်ဟာ အပျော်ဆုံးပါပဲ ။
"အင်း မလိုဘူး"
"ရက်စက်တာပဲ ကင်မ် ၊ အဲ့ဒါဆို Santiagoတို့ဆီ ကိုယ်တစ်ယောက်တည်း သွားရတော့မှာပဲ"
မျက်နှာလေးကို မဲ့ရင်းပြောလိုက်တဲ့ ရိုဆန့်စကားကို ဒေါက်တာဟာ အလွန်သဘောကျသွားတယ် ထင်ပါတယ် ။ တခစ်ခစ်နဲ့ ရယ်တယ် ။
အခုနကပဲ အလိုမကျဖြစ်နေတဲ့ မျက်နှာလေး ဘယ်ရောက်သွားသလဲလို့ ရိုဆန် မေးလိုက်ချင်မိတယ် ။
ဒါပေမဲ့ ရိုဆန် မမေးပါဘူး ။
"သူတို့က ဘယ်မှာနေတာမလို့လဲ"