"ရိုဆန်ပတ်က ကပြားလား"
ကြောင်တောင်တောင်နိုင်တဲ့ အခြေအနေကို အဲ့ဒီဒေါက်တာသေးသေးလေးက စပြီး ပယ်ဖျက်လိုက်တယ် ။
ရိုဆန်လည်း အရှက်ပြေ ချောင်းတစ်ချက်ဟန့်လိုက်ရင်း
"ဘာလို့လဲ ကင်မ်ရဲ့"
"အပြာရောင်မျက်ဝန်းတွေနဲ့ ထူးဆန်းလွန်းတယ်"
"ကိုယ့်ဖေဖေက ဩစတြေးလျ-ကိုရီးယား ကပြားလေ ၊ မေမေက နယူးဇီလန်သူ"
"အဲ့ဒါကြောင့် ရှင့်ပုံစံက ဒီက တခြားသူတွေနဲ့ မတူတာ"
"ကိုယ့်ကိုသာ ပြောတာ ၊ ကင်မ်ရော"
"ကျွန်မက ဩစတြေးလျစစ်စစ်ပါ"
"ကင်မ်ဆိုတဲ့ နာမည်က ထူးဆန်းတယ်နော်"
"ကျွန်မ သိပါတယ်"
ရိုဆန်ပတ်က ငါးမျှားတံကို ကန်ထဲ ချလိုက်တယ် ။ ဘေးကနေ ဒေါက်တာက ရိုဆန်ယူလာတဲ့
ချားလ်စ်ဒစ်ကင်းရဲ့ "Great Expectations"စာအုပ်ကို ကျကျနနကိုင်ပြီး ဖတ်တယ် ။ ရိုဆန်ကတော့ အဲ့ဒီ ရှပ်အင်္ကျီအဖြူပွပွလေးနဲ့ နူးညံ့လွန်းနေတဲ့ ဝက်ဝံညိုလေးကို ဘေးကနေ ထိုင်ငေးတယ်ပေါ့ ။"ရှင်က အတော် ပြောရဲဆိုရဲတဲ့အပြင် အပြုအမူတွေကလည်း တကယ် ရဲတင်းလွန်းတယ်"
"ဘာလို့လဲ ကင်မ်"
ရိုဆန် ခပ်ဖွဖွရယ်ရင်းမေးတော့ အဲ့ဒီ သေးသေးလေးက
"ကျွန်မကို တစိမ့်စိမ့်ငေးနေတာက ရှင် ငါးဖမ်းတာကို အထောက်အကူပြုမှာတဲ့လား"
"ငါးက အပျော်ဖမ်းတာ ကင်မ်ရဲ့ ၊ ကင်မ့်လောက် အရေးမကြီးဘူး"
ရိုဆန့်စကားကြောင့် ကင်မ်ဆိုတဲ့ ဒေါက်တာသေးသေးကွေးကွေးလေးရဲ့ မျက်နှာက နေရောင်ခြည်နုနုအောက်မှာ ခရမ်းချဉ်သီးလေးလို နီရဲသွားတယ် ။
ရှက်တတ်သေးတာပဲ ဒေါက်တာလေးက ။
"ကျွန်မရှိနေတာက ရှင် ငါးဖမ်းတာကို အနှောင့်အယှက်ဖြစ်မယ်ထင်တယ်"
ပြောရင်းဆိုရင်း စာအုပ်ကို ဘုတ်ခနဲချပြီး ထထွက်သွားတဲ့ ကင်မ့်ကြောင့် ရိုဆန်က နေရာမှာ ကြောင်အအလေးရယ် ။