ရိုဆန်က လေတချွန်ချွန်နဲ့ပဲ သူ့စက်ဘီးကလေးကို ဆွဲထုတ်တယ် ။ ပြီးခဲ့တဲ့ အပတ်က သူ့မျက်ဝန်းပြာတွေကို လှတယ်ပြောပြီး ရှက်သွားတဲ့ ဒေါက်တာကလေးကို သွားတွေ့ပါဦးမယ်လေ ။
ဆေးခန်းရှိရာ ရွာလမ်းကလေးအတိုင်း ရိုဆန်က ပျော်ရွှင်စွာနဲ့ စီးနင်းလာတယ် ။ နွေရာသီရဲ့ အငွေ့အသက်တွေက လမ်းတစ်လျှောက် ဆွတ်ပျံ့နေတယ် ။
"ဒေါက်တာ"
ရိုဆန်က နေ့လည်စာ စားချိန်အမှီ လာခဲ့တာ ၊ တကယ် ကွက်တိပဲ ။ ပေါင်မုန့်စတစ်ခုကို ကိုက်နေတဲ့ ဒေါက်တာက မျက်လုံးအဝိုင်းသားကလေးနဲ့ ကြည့်တယ် ။
ကြောင်ပေါက်စလေးနဲ့ တူလိုက်တာ သူ့ဒေစီပိစိလေးက ။
"ရှင့်မှာ အလုပ်မရှိဘူးလား"
ဆေးခန်းထဲကို ဝင်ဝင်ချင်း ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲရယ် ။ သူ့ကင်မ်ဟာ တစ်ခါတစ်ခါတော့လည်း တကယ် အသည်းယားစရာကောင်းတယ် ။ ဆွဲကိုက်ပစ်ချင်စရာ ။
"ကင်မ်ရယ် ကိုယ်က အလုပ်လက်မဲ့လေ"
အဲ့ဒီလိုပြောတော့ မမလေးက မျက်မှောင်လေး ကြုတ်တယ် ။ ရိုဆန့် နှလုံးသားတစ်ခုလုံးကတော့ အဲ့ဒီ မျက်မှောင်လေးတွေနောက် အစုလိုက် ပါသွားတယ် ။
"အလုပ်လုပ်မလား"
"ဘယ်သူ့ဆီလဲ ကင်မ်ရဲ့"
"ကျွန်မဆီလေ"
ဒီတစ်ခါတော့ မျက်ဝန်းတွေ ဝိုင်းစက်ပြီး အံ့ဩသွားရသူက ရိုဆန်ပတ်ပင် ။
"ကိုယ်က ဘာလုပ်ရမှာလဲ ကင်မ်"
ကင်မ်က ပြုံးစစနဲ့ နှုတ်ခမ်းလေးကို အနည်းငယ် စူပြီး စဉ်းစားဟန်ပြုတယ် ။ ရိုဆန့်နှလုံးသားက ကြာရင် ခံနိုင်ရည် ရှိတော့မဲ့ပုံ မပေါ် ။
"တောက်တိုမယ်ရပေါ့ ။ ရှင် အဆင်မပြေဘူးဆိုလည်း ရပါတယ်"
"မဟုတ်တာ ကင်မ် ၊ ကင်မ်လည်း သိသားပဲ"
ကင်မ်က အသံထွက်အောင်အထိ ရယ်တယ် ။ သူ ဘာတွေသဘောကျသွားမှန်း ရိုဆန်မသိပေမဲ့ ဒေစီပွင့်တွေ ရယ်နေတဲ့အချိန်က အလှဆုံး အခိုက်အတန့်မလို့ ရိုဆန် ခပ်ဖွဖွ လိုက်ရယ်ပြီးတော့သာ အဲ့ဒီ ဒေစီပွင့်လေးကို ငေးနေမိတယ် ။