ခုဆို နှိုင်းတို့နှစ်ယောက်က အိမ်ခွဲနေနေပြီဖြစ်သည် ။ဒီကိစ္စကိုပြောပြောချင်း မာမီကခါးခါးသီးသီး ။လက်ထပ်တာလဲသဘောတူပေးပြီးပြီပဲ အိမ်ခွဲနေတာကိုတော့ မာမီ့အနေနဲ့ ဘယ်လိုမှမနှစ်မြို့ခဲ့ ။နှိုင်းကို ဒီကောင်လေးက အိမ်ခွဲနေရအောင် ဆွဲဆောင်သည်ဟုသာ ထင်နေသည် ။တကယ်ဆို ဒီကောင်လေးက အရာရာ နှိုင်းသဘောအတိုင်း ။သေဆိုရင်တောင် သေလိုက်မယ့်ကောင်လေး ၊ နှိုင်းဆုံးဖြတ်တာကို ချိုသည်ခါးသည် ဘာမှပြောတာမဟုတ် ။မာမီကသာ နှိုင်းကိုမပေးလိုက်ချင်တာမျိုး ၊မာမီ့သဘောက သဘောတူထားပြီးပြီပဲ နှိုင်းကိုတော့ အိမ်မှာပဲ အတူနေစေချင်တာ ။နှိုင်းကို ချစ်တဲ့စိတ်ကြောင့်ဆိုတာ နှိုင်းရောဒီကောင်လေးရော သဘောပေါက်ကြပါသည် ။နောက်ဆုံး ဒယ်ဒီက 'သူတို့ဘာသာလွတ်လွတ်လပ်လပ်နေပါစေ ၊ဘ၀သင်ခန်းစာဆိုတာ ဒါမှ သင်ယူတတ်မြောက်မှာပေါ့ကွ ။မင်းဒီလိုမျိုး သားကိုချစ်လို့ဆိုပြီး တစ်သက်လုံးချုပ်ထားလို့မရဘူး ၊ သူ့မှာလဲသူ့ဘ၀နဲ့သူ သူ့လက်တွဲဖော်နဲ့သူ ရှိနေပြီပဲ 'ဆိုပြီး ကူပြောပေးမှ ခေါင်းမငြိမ့်ချင်ပဲ ငြိမ့်လိုက်ရတာဖြစ်သည် ။အတူနေစေချင်တာက နှိုင်းကိုချစ်လို့ပါတဲ့လေ ။ဒီအိမ်မှာလဲ အကျယ်ကြီးပဲ ၊သူတို့လွတ်လပ်ပါတယ် သူတို့အခန်းထဲ သွားမအိပ်ပါဘူးဆိုတာက ပါသေး ။နှိုင်းတို့ပြောတာ ဒီလိုသဘောမျိုးမဟုတ်ပေမဲ့ မာမီက ဘာတွေသဘောပေါက်နေသည် မသိပေ ။နှိုင်းကိုအိမ်မှာပဲနေစေချင်လို့ တွေ့ရာလျှောက်ပြောပြီး ကလေးဆန်နေတဲ့မာမီ့ကိုကြည့်ပြီး နှိုင်းတို့မှာငိုချင်ရီချင်ဖြစ်ခဲ့ရပါသေးသည် ။နောက်ဆုံးမှ ခွဲနေကြမယ်ဆိုလဲ ခနခနအိမ်လည်လာရပါမည်တဲ့ ။ထိုသို့ပြောပြီး သဘောတူညီချက်ရယူလိုက်ရတာ ဖြစ်သည် ။မည်သို့ပင်ဆိုဆို နှိုင်းအတွက် မာမီကအမြဲချစ်စရာ ကောင်းနေခဲ့တာပါပဲ ။

နှိုင်းတို့နေတဲ့အိမ်က ခြံဝိုင်းကျယ်ကျယ်သန့်သန့်လေးနဲ့ တစ်ထပ်တိုက်လေးဖြစ်သည် ။ဒီအိမ်ကိုဝယ်မည်ဆိုတော့လဲ ဗျာများခဲ့ရသေးတာ ။
မာမီက ဒီ့ထက်ကြီးကျယ်တဲ့ခြံနဲ့ နှစ်ထပ်အိမ်ကျယ်ကျယ်ကိုသာ ၀ယ်စေချင်တာ
ဖြစ်သည်။နှိုင်းတော့ အဲ့လိုမျိုးတွေမကြိုက် ။နှစ်ယောက်ထဲနေကြမှာပဲ အိမ်ကြီးကျယ်တာမျိုးဆို နှိုင်းအနေနဲ့ နွေးထွေးမှုကိုမခံစားမိ ။ဒီတစ်ထပ်အိမ်လေးက နှိုင်းလိုချင်တဲ့ပုံစံလေးပဲ ။အတော်အသင့်ကျယ်ဝန်းပြီး နှိုင်းနဲ့ဒီကောင်လေး နွေးနွေးထွေးထွေးနေလို့ရသည့်အနေအထား ။မြို့ပြင်မကျတစ်ကျလေးပေမို့ တိတ်ဆိတ်သင့်သလောက်တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရနိုင်သည့် ရာသီဥတုရှိသည်လေ ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ