တောင်ကုန်းပေါ်သို့ စတက်သည့်အချိန်တွင် ရဲမက်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အသံတိတ်အချက်ပြလိုက်လေသည်။ ထို့နောက် တောင်အလယ်လောက်အရောက်တွင် ရဲမက်ထဲမှတစ်ယောက်သည် မြင်းလှည်းသမားဆီသို့သွား၍ မြင်းလှည်းအားခေတ္တရပ်ခိုင်းလိုက်လေသည်။

"မောင်ရင်တို့ ဘာလို့လှည်းကို..."

မြင်းလှည်းသမား၏စကားပင်မဆုံးလိုက် ရဲမက်၏လက်ထဲရှိဓားမြှောင်လေး၏အသွားသည် မြင်းလှည်းသမား၏လည်ပင်းပေါ်သို့ဖြတ်သွားပြီး သွေးများပန်းထွက်ကာသေဆုံးသွားလေသည်။

လှည်းအတွင်းထဲရှိ ကလေးငယ်၏မိခင်မှာလည်း ရုတ်တရက်မြင်းလှည်းရပ်သွားသောကြောင့် မူမမှန်မှုတချို့ကိုခံစားလိုက်ရပြီး ရင်ခွင်ထဲရှိ ကလေးငယ်အား တင်းကျပ်နေအောင်ပွေ့ဖက်ထားလိုက်လေသည်။ ထို့အပြင် ကြောက်စိတ်ကြောင့် ခန္ဓာကိုယ်လေးသည်လည်း အနည်းငယ်တုန်ယင်နေလေသည်။

ထိုအချိန်တွင် မြင်းလှည်းတံခါးသည် ပွင့်သွားပြီး မိမိ၏လည်ပင်းပေါ်သို့ ရောက်ရှိလာသော အေးစက်စက်အထိအတွေ့ကိုခံစားလိုက်ရလေသည်။ အသေအချာကိုပင် ထိုအရာမှာ ဓားတစ်လက်၏အသွားပင် ဖြစ်လေသည်။

"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်မတို့ကိုမသတ်ပါနဲ့ အသက်ချမ်းသာပေးပါ တောင်းပန်ပါတယ်"

"တောင်းပန်နေလည်းမထူးဘူး ငါတို့ကအမိန့်ရထားပြီးသား စိတ်မကောင်းပါဘူး မိန်းကလေး"

စကားဆုံးသည်နှင့် မိခင်ဖြစ်သူ၏လည်ပင်းအားလည်း ဖြတ်ချလိုက်လေရာ သွေးများပန်းထွက်၍ လဲကျသွားလေသည်။ ထို့နောက် တင်းကျပ်စွာပွေ့ဖက်ထားသော ရင်ခွင်ထဲရှိအနှီးထုပ်လေးဖြင့်ကလေးငယ်အား ဆွဲယူလိုက်ပြီး နံဘေးသို့ချလိုက်ကာ ဓားဖြင့်ထိုးသတ်ရန် လက်အားမြှောက်လိုက်လေသည်။

သို့သော် အချိန်အတော်ကြာသည်အထိ ဓားသည်ကလေးငယ်၏နှလုံးအိမ်ထက်သို့ရောက်ရှိမလာခဲ့ပေ။ ရဲမက်သည် ကလေးငယ်အားကြည့်ရင်း တွန့်ဆုတ်နေမိလေသည်။

အိပ်ပျော်နေရာမှနိုးနေပြီဖြစ်သော ကလေးငယ်လေးသည် ရဲမက်အား မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေးများဖြင့်ကြည့်နေလေသည်။ ရဲမက်သည်လည်း ကလေးငယ်အားကြည့်နေရင်း မိမိ၏သားငယ်အားအမှတ်ရရင်း ကလေးကိုမသတ်ရက်နိုင်ဖြစ်နေလေသည်။ ဘာလို့ ဘာအပြစ်မှမရှိတဲ့ဖြူစင်တဲ့ကလေးတစ်ယောက်ကို သတ်ခိုင်းရက်ကြတာလဲ။

Rewrite The StarsWhere stories live. Discover now