"အန်တီ တကယ်ပဲ သားတို့နေနေကျအတိုင်းနေလို့ရလားဗျ"
"ရတာပေါ့သားရဲ့... အပန်းဖြေခရီးထွက်လာတာကို စိတ်ကိုပါ ပေါ့ပေါ့ပါးပါးထားပြီး လွတ်လပ်ပျော်ရွှင်ရမှာလေ... အန်တီတို့ကို အားနာမနေနဲ့ လူငယ်တွေပဲဟာ အန်တီတို့နားလည်ပါတယ်"
"ဟုတ်... ကဲ ဒါဆို လာကြပါဗျာ... ကိုကြီးရော အစ်မနှောင်းရောလာ... သားတို့တစ်ပုဒ်လောက် ဟဲလိုက်ရအောင်"
မိုးသောက်က အတင်းတွေ ရောင်နီ့ကိုဆွဲလားရမ်းလားလုပ်ကာ ဧည့်ခန်းဘက်ကို အတင်းဆွဲခေါ်သည်။ ဟုတ်ပါတယ် အရင်ကဆို ရောင်နီတို့ခရီးထွက်ရင် ငြိမ်မနေပဲ ဒီလိုအချိန်ဆို သောင်းကျန်းနေကြပြီလေ။ သောင်းကျန်းတယ်ဆိုတာကလည်း သီချင်းဆိုတာကိုပြောတာပါ။
ထိုင်နေတဲ့ နှောင်းကိုပါ မိုးသောက်က လာဆွဲထူနေတာမို့
"ဟဲ့ ငါအလုပ်လုပ်နေတယ် ဖယ်စမ်းပါဟာ"
"ဘာအလုပ်လုပ်နေတာလဲ YouTube ကြည့်နေပြီးတော့... လာပါ အစ်မနှောင်းရာ အစ်မမပါရင် ပွဲမစည်ဘူးလေ... လာပါ"
ဒီကောင်စုတ်လေးကလည်း အလိုက်ကိုမသိဘူးဟေ့ တကယ်ပဲ။ နှောင်းက သီချင်းဆိုရင် မမောမချင်း မရပ်မနားဆိုတတ်တဲ့ လုံးဝကို ဂီတချစ်သူတစ်ယောက်။ သီချင်းဆိုရင်း ဒွန့်လို့ရရင် ဒွန့်သေးတာပါဆို ရှေ့မှာ ရည်းစားတစ်ယောက်လုံးက ငုတ်တုတ်ထိုင်ကြည့်နေမှာကို နှောင်းက ဘယ်လိုလုပ် သီချင်းဆိုရဲမှာလဲ။ ဟုတ်တယ်... ခုတောင် စိတ်ဆိုးနေတာကို မချော့ရသေး၊ ပြေလည်အောင် မညှိရသေးပါဘူးဆို နှောင်းရဲ့ကမ္ဘာပျက်မတတ်သောင်းကျန်းတော့မယ့် ပုံကို ဘယ်လိုလုပ်သူ့ရှေ့ထုတ်ပြရဲမှာလဲ။
မိုးသောက်က အတင်းနားပူနားဆာလုပ်နေရုံသာမက ဦးကပါ နှောင်းနားရောက်လာပြီး
"လာပါဟာ... နင်လည်းခြေထောက်မကောင်းသေးတော့ ငါတို့သီချင်းအေးအေးလေးတွေပဲ ရွေးဆိုကြတာပေါ့"
"နင်က သူစိမ်းတွေရှေ့မှာ ကပါ ကချင်သေးတာလား"
ထိုစကားကိုတော့ နှောင်းမှာ ဦးနား တိုးတိုးလေးကပ်ပြောလိုက်တာဖြစ်သည်။
💕Once upon a time💕
Start from the beginning
