ထိုသို့ တွေးရင်းပျော်ရင်းနှင့်ပင် သူ့အပေါ်ဖြာကျသော နေရောင်ကလေးကလည်း ပိုနွေးလာသည်။ ဧကသူသည်လည်း သူ​၏ဆံပင်ကို စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန်ပြင်ဆင်လိုက်ပြီး မင်းသားပီယံရှိမည့်နေရာဆီ ထွက်ခွာလာခဲ့သည်။

မနက်ခင်းပွဲတော်စာအတူတည်ခင်းမည့် ယာယီတဲနန်းဆောင်သို့ ဧကသူ ရောက်ရှိလာသည်။ ထိုအချိန်တွင် သူ​၏စိတ်ကူးအိပ်မက်ကလေး အနည်းငယ်ထိခိုက်ခံလိုက်ရသည်။

သူထင်ထားသည်က သူနှင့်ပီယံမိတ်နှစ်ဦးတည်း မနက်စာစားကြမည်ပေါ့လေ။

အခုတော့ ပီယံမိတ်​၏မျက်နှာချင်းဆိုင်တွင် ပင်လယ်ပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးပါ ထိုင်နေသည်။

ထိုအမျိုးသမီးနှင့်ပီယံသည် စကားပြောဆိုနေကြ​၏။ စကားပြောဆိုနေကြသည်ဟုဆိုသော်လည်း တကယ်တမ်း အမျိုးသမီးကသာ တရစပ်ပြောနေခြင်းဖြစ်ပြီး ပီယံမိတ်က ပြုံး၍ဖြစ်စေ၊ ခေါင်းညိတ်၍ဖြစ်စေ စိတ်ဝင်တစားနားထောင်နေသည်။

ပီယံမိတ်သည် နူးညံ့စွာပြုံးနေ​၏။ သူနှင့်တွေ့ခဲ့သည့် တစ်နေ့ကအတိုင်းပါပင်။ ဧကသူ​၏စိတ်ထဲတွင် အနည်းငယ်တော့ အုံ့မှိုင်းသွားရသည်။

မင်းသားပီယံမှာ သူ့ကိုချည်းကွက်ပြုံးပြနေသည်မဟုတ်ဘဲ ပင်ကိုစရိုက်ကိုက တစ်လောကလုံးရှိ သက်ရှိသတ္တဝါအားလုံးကို နူးညံ့ကြင်နာစွာ ဆက်ဆံတတ်ပုံရသည်။ သတ္တဝါအားလုံးကိုလည်း သူ​၏စွဲမက်ဖွယ်ရာအပြုံးကို ဖောဖောသီသီပေးအပ်နေပုံပေါ်သည်။

နေရောင်ခြည်က သူတစ်ဦးတည်းကို ကွက်နွေးစေသည်မှ မဟုတ်ဘဲ။ တွေ့သမျှသူတိုင်းအတွက် နွေဦး​၏နေရောင်ခြည်ကလေးဖြစ်နေသော ပ်ီယံမှာ သတ္တဝါအားလုံးအပေါ် ညီတူညီမျှ နွေးထွေးနေစေသည်။

ဧကသူ​သည် သူ​၏အခွင့်ထူးခံဖြစ်နေသည်ဟူသော ခံစားချက်များ တစ်စစီပြိုပျက်သွားကာ  အဘယ်ကြောင့် တစ်နေ့ကမှတွေ့သည့် ပီယံမိတ်က သူ့ကိုပဲ ထူးထူးခြားခြားဆက်ဆံပေးပါမည်နည်း၊ သူကရော အဘယ်ကြောင့် ထိုသို့တွေးထင်ရပါသနည်းဟု တစ်ကိုယ်တည်း ရှက်ရွံ့စွာ ညည်းညူလိုက်မိသည်။ ထို့နောက် သူ​၏ရှက်စိတ်များကို အသာသိမ်းဆည်းရင်း ယာယီတဲနန်းအတွင်းသို့ ဝင်ရောက်သွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now