ဤသို့နှင့် အရုဏနှင့်ယုဂန်သည် ညနေခင်း ပွဲတော်စာ တည်ခင်းပြီးသည်နှင့် မိမိတို့​နားခိုရာအခန်းတွင် ကိုယ်လက်သန့်စင်ရင်း အနားယူခဲ့ကြသည်။

ယုဂန်သည် အရင်ရေမိုးချိုးခဲ့​​၏။ နောက်မှ မောင်က ကိုယ်လက်သန့်စင်ခြင်းအမှုပြုနေလေရာ ယုဂန်သည်လည်း ပျင်းပျင်းရှိသည်နှင့် ပြတင်းပေါက်ဘေးသို့လာ၍ တစ်ကိုယ်တည်း အပြင်ဘက်သို့ ငေးကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရုတ်တရက် ယုဂန်​​၏အနောက်ဘက်မှ နေ၍ နွေးထွေးစွာ ထွေးပွေ့ခြင်းကို ခံစားလိုက်ရသည်။

ယုဂန်သည် ထိုထွေးပွေ့မှုနှင့် အလွန်တရာနေသားကျနေပြီဖြစ်ရာ အနောက်ဘက်ရှိ ရင်ခွင်ထဲသို့ပြန်လည်မှီခိုလိုက်ရင်း

" ရေချိုးပြီးသွားပြီလား"

ဟု နူးညံ့စွာမေးသည်။

မောင့်​၏သန်မာသောလက်နှစ်ဖက်က သူ​၏ခါးသွယ်သွယ်ကို ပိုမိုတင်းကျပ်စွာ ရစ်ပတ်ချုပ်နှောင်လာသည်။ ထို့နောက် တိုးညှင်းလှပါသော အက်ရှရှအသံက နားထဲသို့ ဝါညက်စွာညက်တိုးဝင်လာသည်။

" အင်း။ ချိုးပြီးပြီ"

မောင်က သူ့ပခုံးပေါ် မျက်နှာအပ်ကျလာ​၏။ ထိုအခါ မောင့်​၏ဖားလျားချထားသော ဆံနွယ်ကောက်ကောက်များက သူ့ပခုံးနှင့်ရင်ဘတ်ဆီ ရှုပ်ရှုပ်ပွပွ ကျဆင်းလာကာ ယုဂန်သည် မောင့်​၏ဦးခေါင်းကို ပွတ်သပ်ပေးရန်အတွက် မောင့်​၏ဆံပင်တို့ကို လက်ချောင်းများဖြင့် ထိုးဆွလိုက်သည်။ မောင့်ဆံပင်များက ရေစိုနေစမြဲဖြစ်​သည်။

" ခေါင်းကို သေချာမသုတ်ဘူး မောင်ရယ်။ ရေစိုနေတုန်းပဲ"

ဆူပူသည့်နှယ် ခပ်ဆတ်ဆတ်ဆိုလိုက်သောအခါ မောင်က  ခွေးကလေးတစ်ကောင်မှ သခင်ကို ဦးခေါင်းကလေးဖြင့် တိုးဝှေ့ပွတ်သပ်သည့်ပမာ သူ့ပခုံးပေါ် သို့ ခေါင်းဖြင့်ပိုမိုတိုးကပ်လာသည်။

"ယုဂန် သုတ်ပေး"

မောင် ဒီလိုဆိုမည်ဟု သူ,အထင်သားပါပင်။ ရေမချိုးခင်ကလည်း ရေတစ်ခါချိုးဖို့အရေး လှည့်ပတ်နေကာ " ယုဂန် ချိုးပေး" ဟု ပြောပါသေး​၏။ ခါတိုင်း မောင်သူ့ကိုတွယ်ကပ်ပေမဲ့ ဒီလောက်မဟုတ်။ ဒီနေ့မှ သူ့အနားတွင် တောက်တဲ့တစ်ကောင်လို မလွှတ်တမ်းတွယ်ကပ်နေခြင်းဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now