Chapter 1225

393 39 0
                                    

စာစဉ် 82 Chapter 1225 မင်းတို့ကို စိတ်ဓာတ်ကျတဲ့အထိ သတ်ပစ်မှာ

“အုန်း”
နေဆယ်စင်းလုံးမှ အောက်သို့ ပြိုင်တူ နိမ့်ဆင်းလာသောအခါ လေဟာနယ်ပင် ပူလောင်လာလေသည်။ ဤအဖြစ်က ထိတ်လန့်စရာ ကောင်းလှသည်။
“ကောင်းကင်မှာ နေဆယ်စင်းတောင်ပါလား၊ ရှောင်နန်က ကျန်းယန်ကျင့်စဉ်ရဲ့ အမြင့်ဆုံး သိုင်းကွက်အထိ ကျင့်ကြံပြီး သွားတာလား”
လူတိုင်း ထိတ်လန့်နေကြသည်။ ဤသိုင်းကွက်သည် ကျန်းယန်ကျင့်စဉ်၏ အမြင့်ဆုံးသိုင်းကွက်ဖြစ်ပြီး ရှေ့သိုင်းကွက်များ အားလုံး ပေါင်းစပ်ခြင်းထက် ပို၍ ကြောက်စရာကောင်းပေသည်။
ကောင်းကင်၌ နေဆယ်စင်း ထွက်ပေါ်လာလျင် ပင်လယ်များ အငွေ့ပျံ ခမ်းခြောက်ကာ ပင်လယ်နေရာ၌ ချိုင့်ဝှမ်းသာ ကျန်ရှိနိုင်ပြီး မြေကြီးက မီးသွေးတုံးသကဲ့သို့ လောင်ကျွမ်းကာ သက်ရှိများအားလုံး‌ သေကြေပျက်စီး ရပေလိမ့်မည်။
*အခွင့်အရေး ရှိဦးမယ်နဲ့တူတယ်*
နဂါးမြို့တော်မှ လူများ၏ စိတ်ထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေသေးသည်။ သို့သော် မကြာခင်မှာပင် သူတို့၏ မျှော်လင့်ချက်က ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ကြယ်တာရာများကို လက်တစ်ဖက်ဖြင့် ကိုင်ထားသောကြောင့် ဖြစ်လေသည်။ ကြယ်တာရာများသည် တောင်တစ်လုံးမျှ ကြီးမားသော်လည်း ယဲ့ဖန်က အသာလေး ကိုင်ထားသည်။ ကောင်းကင်ယံ၌ လူတစ်ယောက်နှင့် ကြယ်တာရာများ အတူတူ မျောလွင့်နေ၏။ ဤမြင်ကွင်းသည် အလွန်တရာမှကို ထူးဆန်းလွန်းလှသည်။
နေဆယ်စင်းလုံး အောက်သို့ အရှိန်ဖြင့် နိမ့်ကျလာသည်ကို မြင်သောအခါ ယဲ့ဖန်က အသာပြုံးလိုက်ပြီး လူအများ အံ့ဩသွားစေမည့် စကားကို ပြောလိုက်သည်။
“တတိယတစ်ယောက်”
“ဝုန်း”
ထို့နောက် လက်တစ်ဖက်ဖြင့် ကြယ်တာရာများကို ပစ်လွှတ်လိုက်သည်။ ကြီးမားလေးလံသော ကြယ်တာရာ များသည် အရှိန်ဖြင့် နေဆယ်စင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
“သူ အခု ဘာလုပ်လိုက်တာလဲ၊ ကြယ်တာရာတစ်လုံးကို ပစ်ပေါက်လိုက်တာလား”
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ ဤလောကကြီး၌ ကြယ်တာရာများကို လက်နက်သဖွယ် သုံး၍ စိတ်ရှိသလို ပစ်ပေါက်နိုင်သောသူ မည်သူ ရှိခဲ့သနည်း။
*ဒါ ဘာနည်းလမ်းကြီးလဲ*
“ဒုန်း”
နေတစ်စင်း တစ်စစီ ပျက်စီးသွားပြီး မီးတောက်များနှင့် အလင်းရောင်များက လောကသို့ ဖြာကျလာ၏။ ဘာမှပင် မလုပ်လိုက်ရဘဲ ပျက်စီးသွားလေ၏။
“ဒုန်း ဒုန်း”
ဒုတိယတစ်စင်း၊ တတိယတစ်စင်း။
တူဖြင့်ထုခံလိုက်ရသကဲ့သို့သော အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဖန်သားပြင်ရှေ့မှ လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေကြသည်။
လေးခု၊ ငါးခု။
“ရွှစ် ရွှစ်”
ရှောင်နန်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်စပြုလာပြီး အဆစ်အမြစ်တိုင်း ကျိုးသွားပုံ ရသည်။ ခြောက်ခု၊ ခုနစ်ခု။ အရိုးအရွတ်များ ကျိုးကြေပြီး ခန္ဓာကိုယ် ချည့်လာကာ လူတစ်ကိုယ်လုံး သေခါနီး အဘိုးအိုသဖွယ် ဖြစ်လာပြီး အိုမင်းရွတ်တွလာ၏။
ရှစ်ခု၊ ကိုးခု။ မည်သည့်အသက်ဓာတ်မှ မရှိတော့ဘဲ သေဆုံးသွားသည်။ ဆယ်ခု။ နေဆယ်စင်းလုံး ပျက်စီး ပျောက်ကွယ် သွားလေတော့သည်။
ထို့နောက် ယဲ့ဖန်သည် လက်ကိုဆန့်၍ ရှောင်နန်၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ဖမ်းချုပ်လိုက်ပြီး လည်ပင်းကိုညှစ်ကာ ဦးခေါင်းကိုပါ ဆွဲဖြုတ်လိုက်သည်။
ဤသည်ကိုကြည့်ပြီး ဖန်သားပြင်ရှေ့မှ လူတိုင်း ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သူတို့၏ ဦးခေါင်းများပါ ဆွဲဖြုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဒုတိယ အခွင့်အရေး ပေးခဲ့သော်လည်း ရှောင်နန်က ဆိုးရွားစွာ သေဆုံးသွားလေသည်။ သူသည် ဤနတ်ဆိုး၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။
လူတိုင်း၏ မျက်လုံးတွင် ယဲ့ဖန်အပေါ် အလွန် ကြောက်ရွံ့ဟန်များဖြင့် ပြည့်နှက်နေပြီး ကြက်သီးမွေးညင်း ထနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်က ယဲ့ဖန်၏ မျက်နှာကို အမြန်ဆုံးနှုန်းဖြင့် လိုက်ဖျက်သော်လည်း ယဲ့ဖန်၏ နူးညံ့၍ ကြင်နာတတ်သော မျက်နှာက လူတော်တော်များများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။ နူးညံ့သော မျက်နှာထားရှိသည့် ယဲ့ဖန်က ဤသို့ ကြောက်စရာကောင်းသော ကိစ္စကို လုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နဂါးမြို့တော်မှ လူများအားလုံးသည် သူတို့စိတ်ဝိညာဉ်ကို မပိုင်ဆိုင်တော့သလို ခံစားမိကာ အကြောက်လွန်ပြီး အသိစိတ် လွတ်နေကြသည်။
ဘုရင်သုံးပါး၊ တစ်ယောက်ကို တိုက်ကွက်တစ်ကွက်နှင့် သုံးယောက်လုံးကို သတ်ပစ်ခဲ့သည်။ သုံးယောက်လုံး တတ်သမျှ အားလုံးကို အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း မည်သူမှ ယဲ့ဖန်၏ လက်ထဲတွင် အသက်မရှင်ခဲ့ပေ။
လူတိုင်း သွေးပျက်ကာ တစ်ကိုယ်လုံးမှ သွေးများ အေးခဲသွားသလို ခံစားမိနေသည်။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို လေအေး လွှမ်းခြုံနေသလိုပင်။ မျက်နှာတစ်ပြင်လုံး ပြာနှမ်း၍ ထွက်ပြေးချင်နေကြသည်။
သူတို့၏ စိတ်ထဲ၌ မတွေးဘဲ မနေနိုင်သည့် အတွေးတစ်ခုသာ ရှိနေ၏။ ထိုအတွေးမှ နဂါးမြို့တော်မှ ထွက်ပြေး ခြင်းပင်။
ယဲ့ဖန်က ရှောင်နန်၏ ခေါင်းပြတ်ကို ဖန့်ယွင်ထံ အေးအေးလူလူ ပစ်ပေးကာ ပြောလိုက်သည်။
“နောက်တစ်ယောက်”
“ဟုတ် ဟုတ်ကဲ့”
ဖန့်ယွင် အပြုံးကြီး ပြုံးနေမိသည်။ ယဲ့ဖန် လူသတ်သည်ကို ကြည့်နေရသည်က အလွန် စိတ်ကျေနပ်စရာ ကောင်းလှသည်။ ချွန်းယန်အဆင့် သိုင်းပညာရှင်များကို ခွေးသတ်သလို သတ်နေသလို၊ ထိုသို့သတ်ရာတွင် သုံးသည့် နည်းလမ်းကလည်း တစ်လောကလုံးကို ထိတ်လန့်စေ၏။
“တတိယတစ်ယောက်၊ တတိယတစ်ယောက်”
“လေးယောက်မြောက်က မကြာခင် ပေါ်လာတော့မယ်၊ ယဲ့ဘုရင် သတ်တော့မှာ၊ ယဲ့ဘုရင် သတ်တော့မှာ”
“ဟုတ်တယ်၊ နောက်တစ်ယောက်က မကြာခင် လာတော့မှာ၊ အမေရေ … အမေ့အတွက် လက်စားချေဖို့ မကြာခင် ဖြစ်လာတော့မယ်၊ ဘယ်သူမှ မလွတ်စေရဘူး၊ အရှင် ယဲ့ဘုရင်က ကျွန်တော်တို့အတွက် လက်စားချေပေးမယ်လို့ ပြောထားတယ်၊ ဘယ်သူမှ မကျန်စေရဘူး”
ဖုန်းမျက်နှာပြင်ရှေ့၌ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသည့် ဖျင်အန်းမြို့မှ လူများအားလုံး စိတ်လှုပ်ရှားကာ ငိုကြွေးနေကြသည်။ သူတို့ ထိတ်လန့်ရသလို ဝမ်းသာပီတိ ဖြစ်ရပြီး မယုံနိုင်သလို ခံစားမိနေ၏။
*ယဲ့ဘုရင်က အရမ်း ကြောက်စရာကောင်းတယ်*
*ငရဲက အဆိုးဆုံး နတ်ဆိုးလိုပဲ ရဲရင့်ပြီး တိုက်ခိုက်ရမှာ သွေးဆာပြီး ရက်စက်လွန်းလိုက်တာ*
*ဒါပေမဲ့ သူက နတ်ဘုရားလိုလူတွေနဲ့ တိုက်နေရတာ၊ ကောင်းကင်ဘုံနဲ့ တိုက်နေတာ၊ ဒီလောက မိုးမြေထဲက အသန်မာဆုံးတွေနဲ့ တိုက်ခိုက်နေတာ*
ပြိုင်ဘက်ကင်း ဟူသော စကားလုံးနှင့် ယဲ့ဖန်ကို သရုပ်ဖော်ရန် မလုံလောက်တော့ဟု ခံစားမိလာသည်။
“သတ်လိုက်ပါ၊ အရှင် ယဲ့ဘုရင် သတ်သာသတ်လိုက်ပါ, နဂါးမြို့တော်က သူတောင်းစားတွေကို ရက်ရက်စက်စက် သတ်လေ ကျွန်တော်တို့ ပိုပျော်လေပါပဲ”
“နဂါးမြို့က ဖွတ်ကျားတွေ၊ မင်းတို့ အရင်က အာပေါက်မတတ် ပြောနေတာ မဟုတ်ဘူးလား၊ အခုမှ ဘာလို့ အနေကြတာလဲ၊ လုပ်စမ်းပါ၊ ပြောဦးလေ၊ မင်းတို့အရှင် ယဲ့ဘုရင်ကို ဘယ်လိုသတ်မယ်လို့ ပြောဦးလေကွ”
ကင်မရာကို ယဲ့ဖန်ဘက် ပြန်လှည့်လိုက်ပြီးနောက် ဖန့်ယွင် မေးလိုက်သည်။
“အရှင်ယဲ့ဖန်၊ ဒီကျူးကျော်သူတွေနဲ့ ပတ်သက်ပြီး အရှင် ဘာပြောချင်ပါသလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဤသို့သော အကျင့်ကို သူ သဘောမကျပါ။ သို့သော် ဤသည်က ပြိုင်ဘက်၏ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်နိုင်ပြီး မိမိတို့၏ စိတ်ဓာတ် တက်ကြွလာအောင် လုပ်နိုင်မည့် အခွင့်အရေးကြီး ဖြစ်ကြောင်း သူ သိပါသည်။
ထို့ကြောင့် သူ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ဘာမှပြောစရာ မရှိဘူး၊ မင်းတို့ ငိုကြွေးရတဲ့အထိ သတ်မှာ၊ ကြောက်လန့်ရတဲ့အထိ သတ်မယ်၊ မင်းတို့ စိတ်ဓာတ်ကျ သွားတဲ့အထိ သတ်ပစ်မယ်”
ထိုစကားလေးတစ်ခွန်းက လူတိုင်း၏ စိတ်ထဲ၌ မိုးကြိုးထိမှန်သွားသကဲ့သို့ ခံစားရစေသည်။ ရန်သူများ တုန်လှုပ်သွားပြီး မိတ်ဖက်များ အံ့ဩသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က ယဲ့ဖန်၏ အပြုအမူကို ပြသနေသလို သူ နောက် ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ပြသနေ၏။
ဤနတ်ဆိုးကို ရန်စရဲသူများသည် ဤနတ်ဆိုးကြောင့်ပင် ပြန်သည်းခြေပျက်ရပေမည်။
“မင်းတို့ ငိုကြွေးရတဲ့အထိ သတ်မှာ၊ ကြောက်လန့်ရတဲ့အထိ သတ်မယ်၊ မင်းတို့ စိတ်ဓာတ်ကျ သွားတဲ့အထိ သတ်ပစ်မယ်”
“မင်းတို့ ငိုကြွေးရတဲ့အထိ သတ်မှာ၊ ကြောက်လန့်ရတဲ့အထိ သတ်မယ်၊ မင်းတို့ စိတ်ဓာတ်ကျ သွားတဲ့အထိ သတ်ပစ်မယ်”
ဖျင်အန်းတစ်မြို့လုံး၌ ထိုစကားတစ်ခွန်းသာ ပဲ့တင်ထပ်နေ၏။ အသံသည် ပိုကျယ်သထက် ကျယ်လောင်လာပြီး တစ်ချိန်လုံး သည်းခံခဲ့ရသည့် ဒေါသများ ပေါက်ထွက်လာသဖြင့် မိုးပွင့်မတတ် အသံဟိန်း၍ ထွက်ပေါ်နေလေသည်။ နတ်ဘုရားတို့၏ ကြွေးကြော်သံများဟု ထင်မှတ်ရသလို နတ်ဆိုးမိစ္ဆာများ၏ ဟစ်ကြွေးသံဟုလည်း ထင်မှတ် ရသည်။
ဖျင်အန်းမြို့မှ လူများအားလုံး ရူးမတတ် ဖြစ်နေကြသည်။ ထိုစကားကြောင့် သွက်သွက်ခါမတတ် ရူးသွပ်လာ ကြသည်။ သူတို့သည် ထိ၍မရသည့် လူများဖြစ်ကြောင့် အင်ပါယာတစ်ခုလုံးအား သိစေချင်နေသည်။

အရိုးခေါင်း စစ်ဘုရင်သည် ခန္ဓာကိုယ် ကြံ့ခိုင်မာကြောမှု၌ ပြိုင်စံရှားသည်။ သူသည် လက်မောင်းကြွက်သားအတွက် တောင်ကြီးတစ်လုံးကို နေ့တိုင်းမ၍ လေ့ကျင့်သည်ဟု ဆိုသည်။ သူသည် အေးစက်သော မြောက်ဘက် လွင်တီးခေါင်ပြင် နယ်မြေများ၌ မကြာခဏ ပေါ်လာတတ်သည်။
မာကြောသောအရိုးများက တောင်ကိုပင် ဝင်တိုက်၍ ဖျက်ဆီးနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အရိုးခေါင်း စစ်ဘုရင်ဟုသည့် နာမည်ပြောင် ရလာခြင်း ဖြစ်လေသည်။
ယနေ့၌ သူသည် ဖျင်အန်းမြို့တွင် ဖျက်စီးသောင်းကြမ်းနေ၏။ လက်သီးတစ်ချက်တည်းဖြင့် အဆောက်အဦးများကို ပြိုလဲစေပြီး အပြစ်ကင်းသော လူများစွာတို့ကို အစုလိုက် အပြုံလိုက် သေကြေဒဏ်ရာရစေခဲ့သည်။
သူနှင့် မလှမ်းမကမ်း၌ အရပ်မြင့်မားသည့် တောင်ဘီလူးတစ်သိုက် ရှိလေသည်။ တစ်ကောင်ချင်းစီက အရပ် ဆယ်မီတာနီးပါး ရှိကြသည်။
ဧရာမ သစ်ပင်ကြီးမှနေ၍ ပြုလုပ်ထားသော ဆူးချွန်ပါ တင်းပုတ်ကို ပခုံး၌ ထမ်းပြီး ကြောက်စရာကောင်းသော မျက်နှာထားများဖြင့် အရိုးခေါင်း စစ်ဘုရင်ကို ကူညီ၍ သတ်ဖြတ် ဖျက်စီးနေသည်။
“ငါ ဒီမျိုးမစစ်တွေကို သတ်ရတာ ပျင်းလာပြီ”
ဘီလူးတစ်ကောင်က ညည်းတွား၍ အော်ဟစ်နေသော အမျိုးသမီးတစ်ယောက်ကို ပါးစပ်ထဲထည့်၍ တဂျွတ်ဂျွတ် ကိုက်ဝါးလိုက်ပြီးမှ ပြန်တွေးထုတ်လိုက်သည်။ သူ ဗိုက်ဆာနေ၍ ဝါးစားခြင်း မဟုတ်ဘဲ အပျော်သက်သက် လုပ်ခြင်းသာ ဖြစ်လေသည်။
“ဘယ်လိုလုပ် ပျင်းရမှာလဲ၊ သူတို့အော်သံက အခုထိ နားဝင်ချိုနေသေးတာကို”
နောက်ဘီလူးတစ်ကောင်က ရယ်မော၍ သူ၏ ဆူးချွန်ပါသော တင်းပုတ်ကို မြှောက်၍ အရှေ့မှ မျှော်လင့်ချက် မဲ့နေသော လူတစ်စုအား ရိုက်သတ်လိုက်သည်။ အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေ၏။
“ခေါင်းဆောင်က ငါတို့ကို ဒီဖျင်အန်းမြို့ကို ပျက်စီးအောင် ပေးထားတာလေ၊ ကစားမနေနဲ့”
နောက်ဘီလူးတစ်ကောင်က သတိပေးလာသည်။ အရိုးခေါင်း စစ်ဘုရင်က သူတို့၏ ခေါင်းဆောင် ဖြစ်နေလေသည်။ တစ်ချိန်က လွင်တီးခေါင်ပြင်နယ်မြေ၌ အရိုးခေါင်း စစ်ဘုရင်သည် မိမိခွန်အားဖြင့် ဤဘီလူးတွေကို အနိုင်ပိုင်းကာ သူတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူတို့ကို ဖျင်အန်းမြို့သို့ ခေါ်လာရသည့် ရည်ရွယ်ချက်မှာ မြို့ကို ဖျက်ဆီးရန် ဖြစ်လေသည်။
“ဂိမ်းလေး ကစားရင်ရော ဘယ်လိုလဲ၊ တစ်နှစ်သုံး ရေပြီး ဦးတဲ့လူ သတ်ကြေးဆိုရင်ရော”
ခပ်ဝဝ ဘီလူးတစ်ကောင်က ဝါကြင်နေသော သွားများကို ဖြီး၍ အကြံပေးလာ၏။
“ကောင်းပြီလေ”
သူ့ရှေ့မှ အသားမည်းမည်းနှင့် ဘီလူးက သဘောတူလိုက်ပြီးနောက် တင်းပုတ်ကို အားဖြင့် လွှဲရိုက်၍ ဒါဇင်ချီသော လူများကို ချက်ချင်း သတ်ပစ်လိုက်သည်။
“မင်း ညစ်တယ်၊ ငါ မရေရသေးဘူးလေ”
ကျန်ဘီလူးများက တစ်ကောင်ပြီး တစ်ကောင် ကြိမ်းမောင်း၍ အားဖြင် ပြေးတက်ကာ လူလိုက်သတ် လေတော့သည်။ သူတို့မျက်လုံးထဲတွင် လူတိုင်းအား ပိုးကောင်များနှင့် ပုရွက်ဆိတ်များဟုသာ မြင်ကြသည်။ သူတို့ နင်းချေသတ်ချင်တိုင်း သတ်ကြသည်။ မည်သို့သော ခံစားချက်မှ မရှိကြချေ။
“ထွက်ပြေး”
“ကူညီပါ”
ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး လူတိုင်း ဘီလူးများ၏ ဝေးရာအရပ်သို့ ထွက်ပြေး ကြ လေသည်။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေ၏။
ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး တကွဲတပြား ထွက်ပြေးနေသည့် လူအုပ်ကြီးကြားထဲတွင် လူနှစ်ယောက်က ဘီလူးများထံသို့ ချဉ်းကပ်လာနေသည်။ ဤအဖြစ်က အံ့ဩစရာ ကောင်းလှသည်။
“လူငယ်လေးတို့ ထပ်ပြီး ရှေ့တိုးမလာနဲ့၊ အဲ့မိစ္ဆာတွေ လူသတ်နေတာကို မမြင်ကြဘူးလား”
တစ်စုံတစ်ယောက်က သူတို့ကို ကြင်နာစွာ သတိပေးသော်လည်း ထိုလူနှစ်ယောက်က မကြားသယောင် ပြုနေကြသည်။ ထိုလူနှစ်ယောက်မှာ ယဲ့ဖန်နှင့် ဖန့်ယွင် ဖြစ်လေသည်။
ဤဘီလူးများက ဖျင်အန်းမြို့၏ အပြစ်ကင်းသော မြို့သူမြို့သားများအား ပုရွက်ဆိတ်သဖွယ် နင်းခြေသတ်ဖြတ် နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ မျက်လုံးတွင် အနက်ရောင် စွမ်းအင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ့မျက်လုံးများကိုသာ အခြားသူများ မြင်သွားပါက လောက၏ အနက်ရှိုင်းဆုံးသော အမှောင်ထုကို ခံစားမိ သွားလောက်သည်။
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန် အော်ဟစ်လိုက်ပြီး ရှေ့သို့ပြေးတက်သွားသည်။ ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်က လမ်းတစ်ခုလုံးသို့ ပျံ့လွင့်လာ၏။
အမြင့်မှ ပြိုကျလာသည့် အရာဝတ္ထုများသည် လေထဲ၌ တန့်ခနဲ ဖြစ်သွားပြီး လူအုပ်ပေါ် ကျမလာတော့ချေ။ လက်ရှိနေရာ၌ ရှိနေသည့် ဖျင်အန်းမြို့သားများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြလေသည်။
*ပြိုကျလာတဲ့ အဆောက်အဦးတွေက ငါတို့ပေါ် ကျမလာဘဲ ခေါင်းပေါ်မှာ ဝဲနေတာလား*
*ဒါ ဘယ်လို ဖြစ်ရတာလဲ*
လူတိုင်း တစ်ဒင်္ဂမျှ ရပ်သွားကြသည်။ ထို့နောက် လူအုပ်ထဲမှ ယဲ့ဖန်တို့ နှစ်ယောက်က သူတို့နှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားသည်ကို သတိပြုမိသွားသည်။
လူတိုင်း ငြိမ်နေသော်လည်း ယဲ့ဖန်တို့နှစ်ယောက်က လမ်းလျှောက်မြဲ လျှောက်နေသဖြင့် လူအုပ်ထဲ၌ ထင်းခနဲ ဖြစ်နေသည်။
“ဒါ … အရှင် ယဲ့ဘုရင်ပဲ”
“ဟုတ်တယ်၊ အရှင် ယဲ့ဘုရင် အစစ်ပဲ”
“အရှင် ယဲ့ဘုရင် ဒီရောက်လာပြီး၊ နောက်ဆုံးတော့ အရှင် ယဲ့ဘုရင် ရောက်လာပြီ၊ ငါတို့ သေစရာ မလိုတော့ဘူး၊ ပြီးသွားပြီ”
ဖျင်အန်းမြို့မှ လူများအားလုံး အံ့ဩသွားပြီး ယဲ့ဖန်အပေါ် အားကိုးသော အကြည့်များဖြင့် ကြည့်လာကြသည်။
“ဟမ်”
ထိုစဉ် အရိုးခေါင်း စစ်ဘုရင်သည်လည်း အလွန် အန္တရာယ်များသော အငွေ့အသက်ကို ခံစားမိသွားသည်။ ပြိုင်ဘက်ကင်းလောက်သည့် ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါး ဆင်းလာသည်ဟု ခံစားမိသဖြင့် သူ မျက်မှောင် မကြုတ်ဘဲ မနေနိုင် ဖြစ်သွားကြသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် အရိုးခေါင်း စစ်ဘုရင်ရှိရာသို့ ဆက်လက် လျှောက်လှမ်းနေသလို သူ့အနောက်၌ အနက်ရောင် စွမ်းအင်များက ပျံ့လွင့်နေသော အမှောင်ထုက ဒီရေအလား ထွက်ပေါ်လာသည်ဟု ထင်မှတ်မှားရသည်။ သူ့မျက်လုံးများက နတ်ဆိုးတစ်ကောင်၏ မျက်လုံးကဲ့သို့ ခက်ထန် ကြမ်းကြုတ်နေ၏။
“ငါ့လူတွေကို ပုရွက်ဆိတ်သတ်သလို သတ်မှတော့ ငါလည်း ပြန်လုပ်သင့်တာပေါ့”

ငရဲမှလာသောသူ (Chapter 1201-1400)Where stories live. Discover now