လင်းချင်းဟယ်က နောက်တစ်နေ့တွင်လည်း ငရုတ်သီးဆော့စ်တွေကို ဆက်လုပ်ခဲ့ပြန်သည်။

မွန်းတည့်ချိန်တွင် သူမသည် ကျိုးချင်းပိုင်နှင့် သူမ သားသုံးယောက်ထံ နေ့လည်စာ သွားပို့ပေးခဲ့ပြီး သူမမျက်ဝန်းတွေက နီရဲလာပြန်သည်။

"မင်း ငရုတ်သီးဆော့စ်တွေကို အများကြီး လုပ်ဖို့ မလိုအပ်ဘူး။" ကျိုးချင်းပိုင်က ပြောသည်။

"ကျွန်မ အဆင်ပြေပါတယ်။" လင်းချင်းဟယ်က သူပြောတာကို ဂရုမစိုက်ဘူး။

လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ ညီအစ်ကိုသုံးယောက်ဟာ အရမ်းဗိုက်ဆာနေမှန်း သိသာထင်ရှားလှသည်။ သူတို့သည် သူတို့အမေက ငရုတ်သီးဆော့စ်ကို လုပ်နေမှန်းကို သိသောကြောင့် သူတို့အတွက် ထမင်းဟင်း မချက်မိမှာကို စိုးရိမ်နေကြသည်။

နေ့လည်စာအတွက် လင်းချင်းဟယ်က နွေဦးပန်ကိတ်တွေနဲ့ ပုစွန်ဆိတ်စွပ်ပြုတ်တို့ကိုပဲ ပြင်ဆင်ချက်ပြုတ်ထားခဲ့သည်။

နွေဦးပန်ကိတ်ထဲတွင် ကြက်ဥနှင့် အသားအတုံးလေးတွေကို အစာသွပ်ထည့်ထားခဲ့ပြီး ခရမ်းချဥ်သီး၊ သခွားသီးနှင့် အခြားဟင်းသီးဟင်းရွက်စိမ်းများကိုပါ ထည့်သွင်းထားသည့် နွေဦးပန်ကိတ်တွေလည်း ပါရှိသည်။

နွေဦးပန်ကိတ်ကို ပုစွန်ဆိတ်စွပ်ပြုတ်နှင့် တွဲဖက်စားသောက်ပြီးနောက် သားအဖတွေဟာ အရမ်းစိတ်ကျေနပ်သွားကြသည်။

"လောင်စန်း၊ နင် အမေနဲ့ အိမ်ပြန်လိုက်ချင်လား။" လင်းချင်းဟယ်က လောင်စန်းကို မေးသည်။

"သား အဖေနဲ့မှ အတူပြန်လာခဲ့မယ်။" လောင်စန်းက ခေါင်းခါလိုက်၏။

လင်းချင်းဟယ်က သူ့ကို ထားခဲ့လိုက်သည်။ ဒီရွှတ်နောက်နောက်ကောင်လေးက သူ့အစ်ကိုနှစ်ယောက်နှင့်အတူ ဆောင်းဦးရိတ်သိမ်းချိန်ကို အတူဆင်နွှဲနေတာ ကြာပါပြီ။ အရင်က သူဟာ အရမ်း ငယ်သေးပေမယ့် အခု သူက သုံးနှစ်ပြည့်ပြီး ကြံ့ခိုင်သန်မာလွန်းတော့ သူမ သူ့ကို နေဖို့ ခွင့်ပြုထားလိုက်သည်။

လင်းချင်းဟယ်က သူမတစ်ယောက်တည်း အိမ်ပြန်လာသည်။ သူမ အိမ်ပြန်နေရင်း မနက်ဖြန်ကျရင် အိမ်က ကြက်တစ်ကောင်ကို သတ်ပြီး ချက်ပြုတ်မယ်လို့ တွေးနေခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now