"လွန်ခဲ့တဲ့နှစ်နာရီက မင်းပဲ ငါ့ကို ဧကရာဇ်အရှင်အဖြစ် တင်မြှောက်ခဲ့တာမဟုတ်ဘူးလား။ ဧကရာဇ်ဆိုတဲ့ဘွဲ့မျိုးက သေဆိုသေ ရှင်ဆိုရှင် အမိန့်ပေးနိုင်တဲ့နေရာမျိုးလေ။ ဒါပေမဲ့ ငါက မင်းကိုမသေခိုင်းသေးပါဘူး။ လွယ်အိတ်လေးပဲယူသွားခိုင်းတာ။ ဒါကိုမှ မနာခံရင်.. ငါ့ကိုအာခံတဲ့ဒီငယ်သားကို ကွပ်မျက်စေ..."
စွမ်းစေတမာန်က ရွှတ်နောက်နောက်ပြော၍ လှည့်ထွက်သွားသော်လည်း ဝဠာဟိန်းပိုင်ကတော့ လွယ်အိတ်နှစ်လုံးကို ရင်ခွင်ထဲပွေ့ပိုက်ထားလျက် ပါးစပ်အဟောင်းသားဖြစ်ကာ ကျန်ရစ်နေခဲ့ရသည်။
"အခု စေတမာန်က ငါ့ကိုဟာသလုပ်သွားတာလား.."
သူ့အဖို့တော့ စနောက်ခံရခြင်းအတွက် ခါတိုင်းလိုစိတ်ဆိုးရမည့်အစား အံ့သြနေရုံသာတတ်နိုင်သည်။
အကြောင်းမှာ စွမ်းစေတမာန်၏ယခုလိုပုံစံမျိုးကို မမြင်ရသည်မှာ ရှစ်နှစ်ကျော်ခဲ့လေပြီ။ လူယုတ်မာတစ်ယောက်ကြောင့် စရိုက်တို့ပြောင်းလဲသွားခဲ့သော စွမ်းစေတမာန်မှာ ယနေ့တော့ဖြင့် လွန်ခဲ့သည့်ရှစ်နှစ်တုန်းက ဖြူစင်မှုတို့သာရှိနေခဲ့သော ခွန်အားအပြည့်နှင့်လူငယ်လေးစွမ်းစေတမာန် ပြန်ဖြစ်သွားသလိုပင်။
ဝဠာဟိန်းပိုင်သာမက စွမ်းစေတမာန်ကိုယ်တိုင်လည်း ထိုဟာသကိုပြောခဲ့မိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်အံ့သြမိသည်။ နှိုင်းအမြုတေနှင့် ရင်းနှီးခဲ့သည့်နေ့မှစ၍ သူသည် စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းနေခဲ့သည်မှာ လုံးဝသံသယဖြစ်စရာမလိုချေ။
နှိုင်းအမြုတေအပေါ်ထားသော သူ၏ခံစားချက်တို့ ထင်ရှားလာသည့်နောက်ပိုင်းမှာတော့ သူ့နှလုံးသားလေးကပါ ထိုပြောင်းလဲမှုများတွင်တက်ကြွစွာပါဝင်လာသည်။ တစ်ခါတစ်ရံဆိုလျှင် စိတ်အစဥ်ဟာ အလွန်ပေါ့ပါးလွန်းနေသောကြောင့် သူကိုယ်တိုင်ပင် ယခုအနေအထားဟာ လက်တွေ့မဆန်သလိုခံစားမိပြန်၏။
သည်ဂျူနီယာလေးပေါ်လာကတည်းက သူ့အတွက် အရာရာအဆင်ပြေချောမွေ့နေခဲ့သည်သာ...။
"စီနီယာ.. ကျွန်တော်ဒီမှာ"
ကျောင်းအပြင်ဘက်ကိုရောက်သည်နှင့် နှိုင်းအမြုတေကို ဟိုဟိုသည်သည်ရှာဖွေကြည့်သော်လည်း မတွေ့သဖြင့် ဖုန်းခေါ်ကြည့်ဖို့ဖုန်းထုတ်လိုက်ရာ မလှမ်းမကမ်းမှ အသံစာစာဖြင့်လှမ်းအော်သံကို ကြားလိုက်ရသည်။
YOU ARE READING
ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)
Romanceသုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လောက်သားလောက်အောင် ပညာပေး...ဟိုက်!! ဗီလိန်နဲ့ထိပ်တိုက်တိုးတော့မယ်။ ဝေးဝေးရှောင်မှ" စွမ်းစေတမာန် - "မင်းလေး ဘယ်လောက်ပြေးပြေး ကိုယ့်လက်ထဲက မလွတ...
Chapter-18
Start from the beginning