"မိုးသောက်... ဦးဆီဖုန်းဆက် လင်းသတိရလာပြီလို့"
"ဟုတ်ကဲ့ အစ်မ"
"ကျွန်မ ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော်"
မိုးသောက်က ဖုန်းထုတ်ကာ ဦးဆီဆက်နေပြီး Nurse ကလည်း တာဝန်ကျဆရာဝန်ကိုပြေးခေါ်လေသည်။ နှောင်းကတော့ လင်းရဲ့ဆံပင်တွေကို သပ်တင်ပေးရင်း ဖြည်းဖြည်းချင်းဖွင့်လာတဲ့ လင်းရဲ့မျက်လုံးတွေကြောင့် ဝမ်းသာသွားသည်။ လင်းသတိရလာပြီ။
"လင်း... ငါ့အသံကိုကြားရလား"
"နှောင်း"
"အင်း ငါရှိတယ် ငါရှိတယ်နော်... နင်ဘာမှမဖြစ်တော့ဘူး"
"ဟင့် ဟင့်"
နှောင်းနာမည်ကိုခေါ်ပြီး နှောင်းကို ကြည့်ကာ မျက်ရည်ကျနေတဲ့လင်းကို မျက်ရည်တွေသုတ်ပေးနေတဲ့ နှောင်းကိုယ်တိုင် မျက်ရည်ဝဲနေမိသည်။
"ဘာမှမဖြစ်တော့ဘူး နင်လုံခြုံနေပြီ... နင့်နားမှာ ငါတို့ရှိတယ် နော် လင်း... မငိုနဲ့ တိတ်တော့"
"အစ်မ ကိုကြီးတို့က ဆေးရုံဝင်းထဲရောက်နေပြီတဲ့... ပြီးတော့ ဟို... ဟို ရဲပါ ပါလာတယ်တဲ့"
"လင်း ငါပြောတာသေချာနားထောင်နော်... နင်ဒုက္ခရောက်နေပြီထင်ပြီး ငါရဲကိုအကြောင်းကြားထားတာ... အခု သူက နင့်ကို မေးစရာနည်းနည်းပါးပါးရှိလို့ လိုက်လာတာထင်တယ်... နင်အဆင်ပြေလား မပြေရင် ငါနောက်နေ့မှ လာခိုင်းလိုက်မယ်လေ"
"ဟင့်အင်း ငါအဆင်ပြေတယ်... အာ့"
"ဘာဖြစ်တာလဲ ဘယ်နားနာလို့လဲ"
"ဗိုက်... အာ့"
"မလှုပ်သေးနဲ့ဦးလေ... အရမ်းနာနေလား... ဆရာဝန်ခေါ်ထားတယ်... ခဏစောင့်နော်"
လင်းကိုချော့ပြောနေတုန်း ဆရာဝန်ရောက်လာပြီး ဆရာဝန်ရဲ့နောက်မှာ ရဲနှစ်ယောက်နဲ့ ဦးပါ ပါလာသည်။ ဆရာဝန်ရဲ့စမ်းသပ်ချက်အပြီးမှာ
"အားနည်းနေသေးလို့ အားဆေးချိတ်ပေးခဲ့မယ်... ကုန်ရင် ဖြုတ်ထားလို့ရတယ်... နောက်ပြီး စိတ်ချရအောင် မနက်ဖြန်တစ်ရက်တော့ ဆေးရုံမှာပဲ စောင့်ကြည့်စေချင်တယ်"
💕Linn Latt May💕
Start from the beginning
