"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ဆရာဝန်ထွက်သွားတာနဲ့ နှောင်းတို့ကို Nurse တို့က ဆေးထည့်ပေးသည်။ မိုးသောက်ကတော့ မျက်ခုံးကွဲကာ နှုတ်ခမ်းပေါက်ပြီး လက်တွေပေါက်ပြဲတာကလွဲလို့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရှိ။ မျက်ခုံးကတော့ နှစ်ချက်ချုပ်လိုက်ရတာမို့ ဆရာသမားက ရူပါပျက်ပြီးဆိုပြီး ညည်းညူနေသေးသည်။
နှောင်းလည်း ပထမကဇောကပ်နေတာမို့ သတိမထားမိပေမယ့် အခုမိုးသောက်ကို ဆေးထည့်ပေးနေတာကိုကြည့်နေရင်း ခြေကျင်းဝတ်က တဆစ်ဆစ်ကိုက်လာသည်။ မတ်တပ်ရပ်နေတာတောင် ထောက်လို့မရအောင် နာလာတာမို့ အခန်းထဲရှိ ဆက်တီခုံမှာ ထော့နဲ့ထော့နဲ့နဲ့ သွားထိုင်နေလိုက်သည်။ ဖိနပ်ကိုချွတ်ကာ စကပ်ကို မ,ကြည့်လိုက်တော့ ခြေကျင်းဝတ်တဝိုက် ရဲကာ ဖောင်းပြီးယောင်နေသည်။ နှဖူးကလည်း နာနေသလို လက်ဖျံကလည်း တစ်ဆစ်ဆစ်မို့ အင်္ကျီလက်ကို လက်ဖျံပေါ်အောင် ဆွဲတင်လိုက်တာနဲ့ မြင်လိုက်ရတာက ရဲရဲနီနေတဲ့ သွေးတွေသာ။
"ဟာ... အစ်မ လက်မှာပါထိသွားတာလား"
မိုးသောက် အံ့ဩလည်း အံ့ဩလောက်ပါတယ်။ ဆွယ်တာသားက ထူတော့ သွေးထွက်နေတာကိုလည်း မသိလိုက်။ လက်ကို ထိသွားတာတော့သိတယ် ဒါပေမယ့် ဒီလောက်ဖြစ်မယ်လို့မထင်ခဲ့တာ အမှန်ပင်။ ကြည့်ရတာမှန်အချွန်စနဲ့ ထိုးမိထားတဲ့ပုံမျိုးပင်။ ကိုယ်တိုင်ကလည်း ဘာနဲ့ထိုးမိမှန်းမသိလိုက်ပေမယ့် သွေးထွက်နေတဲ့ ဒဏ်ရာကတော့ ၂လက်မလောက်ရှိသည်။
Nurse က မိုးသောက်ကို လက်စသတ်ပြီး နှောင်းကို ကုသပေးဖို့လှမ်းနေတုန်း ကုတင်ပေါ်က လင်းဆီက ညည်းညူသံထွက်လာတာကြောင့် အခန်းထဲရှိလူသုံးယောက်လုံးက လင်းဆီအာရုံရောက်သွားသည်။ နှောင်းကိုယ်တိုင်ပင် ခြေထောက်နာတာကိုမေ့ကာ ဆတ်ခနဲထရပ်လိုက်မိတာမို့ ခြေထောက်က တော်တော်အီစလံဝေသွားသည်။ ကုတင်နားကို ထော့နဲ့ထော့နဲ့နဲ့ပဲ လျှောက်သွားပြီး ကုတင်ဘေးရှိ ခုံလေးမှာထိုင်ကာ လင်းဆံပင်တွေကို ပွတ်သပ်ပေးရင်း
"လင်း... သတိရပြီလား... လင်း ငါ့အသံကြားလား ငါ နှောင်းပါ"
"အင်းးးး "
💕Linn Latt May💕
Start from the beginning
