"ဟယ်လို ဟုတ်ကဲ့ (.........)လမ်း (.........)မြို့နယ်က တိုက်အစိမ်းလေးမှာ ပြန်ပေးဆွဲခံနေရလို့ ကူညီ...... အားးးးးး"
ဖုန်းပြောနေရင်းတန်းလန်း နောက်ကနေ လူတစ်ယောက်က နှောင်းဖုန်းကိုဆွဲယူကာ ကြမ်းပြင်ပေါ်ရိုက်ခွဲလိုက်ပြီး နှောင်းဆံပင်ကိုပါ နောက်ကနေဆောင့်ဆွဲလိုက်တာမို့ နှောင်း ဦးရေပြားတွေနာကျင်ကာ ဆံပင်တွေ ကျွတ်ထွက်ပြီလားတောင် မှတ်ရသည်။ နှောင်းရဲ့လက်နှစ်ဖက်ကိုလည်း သူ့လက်ကြမ်းကြီးနဲ့ နောက်ပြန်ချုပ်ထားတာမို့ နှောင်းမှာ ရုန်းမရပြုမရဖြစ်နေသည်။
"ကောင်မ ရဲကိုဖုန်းခေါ်တယ်ဟုတ်လား သေချင်လို့... ထစမ်း"
ထိုလူကဆံပင်ကိုဆွဲထားကနေ နှောင်းကိုထခိုင်းတာမို့ နှောင်းမတ်တပ်ရပ်လိုက်တာနဲ့ ဆွဲဆောင့်ထားတဲ့ဆံပင်တွေကို ပိုမိုတင်းကြပ်အောင်ကိုင်လိုက်တာမို့ နှောင်းနာကျင်မှုကြောင့် မျက်ရည်ဝဲသွားသည်။
"သေနာကြီး လွှတ်... ကျွန်မကိုလွှတ်စမ်း"
"အိုးးးဟိုး အချောလေးကလည်း စိတ်ကြီးလိုက်တာ အေးဆေးပေါ့"
"သေခြင်းဆိုး၊ သူတောင်းစား၊ #@**#@*"
"ဟာ ဒီခွေးမကတော့"
နှောင်းပါးစပ်က တောက်လျှောက်ဆဲနေတာမို့ ထိုလူက စိတ်တိုသွားပုံရကာ နှောင်းကို အရှေ့သို့ဆောင့်တွန်းပစ်လိုက်သည်။ အရှိန်နဲ့တွန်းလိုက်တာမို့ နှောင်းလည်း ကိုယ့်ဘာသာကိုယ်မထိန်းလိုက်နိုင်ဘဲ အခန်းထောင့်မှာ ဘာတွေပုံထားမှန်းမသိတဲ့ အပုံထဲထိုင်ရက်သားလေးပြုတ်ကျသွားသည်။ ဒေါက်ဖိနပ်စီးထားတာမို့ ခြေထောက်လည်သွားတယ်ထင်တယ် ဆစ်ခနဲဖြစ်ပြီး ကျွတ်ဆိုတဲ့အသံတောင်ကြားလိုက်ရသလိုပင်။ ညာဘက်လက်ဖျံကလည်း ပူခနဲဖြစ်သွားကာ နဖူးကလည်း ဘာနဲ့ဆောင့်မိလိုက်မှန်းမသိ တော်တော်တော့နာသွားသည်။
ဒါပေမယ့် နာတာတွေကို အရေးမစိုက်အား နှောင်းဆီခြေလှမ်းကြဲနဲ့လျှောက်လာတဲ့သူတောင်းစားကိုတွေ့လိုက်ရတာကြောင့် ထဖို့ပြင်ပေမယ့် ခြေထောက်ကနာကျင်မှုကြောင့် ချက်ချင်းထလို့မရ။ ထိုအချိန် ညာဘက်လက်ဖဝါးမှာ စမ်းလိုက်မိတဲ့အရာကို မျက်လုံးစွေကာငုံ့ကြည့်လိုက်တော့ ပုလင်းတစ်ခုဖြစ်နေတာကြောင့် သေချာဆုပ်ကိုင်လိုက်ပြီး ထိုလူက နှောင်းနားကပ်ကာ ပါးရိုက်ဖို့လက်ရွယ်လိုက်တာနဲ့ နှောင်းလည်း ထိုပုလင်းနဲ့ လူယုတ်မာရဲ့ခေါင်းကို ခွမ်းခနဲမြည်အောင် ရိုက်ခွဲပလိုက်သည်။ နှောင်းရိုက်တာပဲ အားပါသွားသလား နှောင်းမရိုက်ခင်ကတည်းက ခေါင်းကွဲထားပြီးသွေးအလိမ်းလိမ်းကျထားတဲ့အရှိန်ကြောင့်လားမသိ ထိုလူယုတ်မာကတော့ ဗိုင်းခနဲလဲသွားလေသည်။
💕Linn Latt May💕
Start from the beginning
