ဦးပြောတဲ့ နေရာနားရောက်တယ်ဆိုရင်ပဲ နှောင်းပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ စက်မှုဇုံတွေလောက်ပဲရှိပြီး လူအိမ်အိမ်ဆိုတာ ဟိုတစ်စုဒီတစ်စု ကျိုးတို့ကျဲတဲသာ။ လမ်းထောင့်လေးမှာရပ်နေတဲ့ မိုးသောက်ကို ကားပေါ်ကနေ မြင်လိုက်တာနဲ့
"ဦးလေး ဟိုနားက ကောင်လေးနားမှာ ရပ်ပေးပါ"
ကားရပ်တာနဲ့ ကျသင့်ငွေပေးပြီး ကားပေါ်ကအမြန်ဆင်းကာ မိုးသောက်နားလျှောက်သွားပြီး
"ဘာလို့ဒီမှာ တစ်ယောက်တည်းရပ်နေတာလဲ မိုးသောက်... ဦးရော"
"ကိုကြီးက အထဲဝင်သွားတာ ၅မိနစ်လောက်ရှိပြီ အစ်မနှောင်း... အစ်မလာရင် လမ်းပျောက်မှာစိုးလို့ သားကိုဒီမှာစောင့်ခိုင်းထားတာ"
ကျစ်! မိုးသောက်ရဲ့စကားကြောင့် နှောင်း ကျစ်သပ်လိုက်မိသည်။ အထဲမှာဘာရှိမှန်းမသိဘဲနဲ့ တစ်ယောက်တည်း ဝင်သွားရလား။ နှောင်းကိုစိတ်ပူလို့ဆိုတာအပြင် သူ့ညီအန္တရာယ်ဖြစ်မှာစိုးတာကြောင့် နှောင်းကိုစောင့်နေဆိုတဲ့အကြောင်းပြချက်နဲ့ အပြင်မှာပဲနေခိုင်းခဲ့တာ နှောင်းမသိဘူးများထင်နေတာလား။ ဦးက အေးစက်စက်နိုင်ပေမယ့် သူ့ပတ်ဝန်းကျင်ကသူတွေကို အရမ်းဂရုစိုက်တတ်တဲ့သူတစ်ယောက်ပင်။ သူ့ညီကို ပုံမှန်ဆို ခပ်တန်းတန်းဆက်ဆံပေမယ့် အခုလိုအချိန်မှာတော့ အန္တရာယ်ကျရောက်မှာမလိုလားဟန်။
"မိုးသောက် ဒီမှာခဏနေခဲ့နော်... အစ်မ အထဲခဏလိုက်သွားလိုက်ဦးမယ်"
"ဟာ အစ်မကလည်း သားလည်းလိုက်မယ်လေ"
"ကလေးကကလေးလိုနေပါ မိုးသောက်ရယ်"
"သားအသက် ၁၈နှစ်ပြည့်ပြီးပြီဗျ"
နှောင်းလက်ထဲမှာပဲ ကြီးပြင်းလာတဲ့ကလေးက သူ့ကိုယ်သူလူကြီးလို့ပြောနေပေမယ့် နှောင်းအတွက်ကတော့ ကလေးပင်။ ဒါပေမယ့်လည်း ပြောမရတာကြောင့် နှောင်းနဲ့အတူ ခေါ်လာခဲ့ရလေသည်။ ခြံဝကနေ နှစ်ထပ်တိုက်အိမ်လေးရှိတဲ့နေရာထိ လမ်းကတော်တော်လျှောက်ယူလိုက်ရသည်။ ဒါ ဘယ်သူ့အိမ်လဲ... ဦးကရော ဘယ်ကနေ ဘယ်လို ဒီအိမ်ကို သိနေရတာလဲ။
💕Linn Latt May💕
Start from the beginning
