လင်းသိတဲ့ကိုထူးပိုင်က ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုး လုပ်နိုင်တဲ့သူမဟုတ်။ ဒီနေ့ကိုထူးပိုင်ပုံစံက လင်းမမြင်ဖူးတဲ့ပုံစံပင်။ ကြောက်ဖို့ကောင်းတယ်။ ဟုတ်တယ် အရမ်းကြောက်ဖို့ကောင်းတယ်။ မနက်ကအကြောင်းကို ပြန်တွေးကြည့်တော့
Flashback
ဟိုတယ်ဝန်ထမ်းဖြစ်တဲ့လင်းဟာ မနေ့က နိုက်ဂျူတီဆင်းထားတာမို့ မနက် ၇နာရီလောက်မှ အိမ်ကိုပြန်ရောက်သည်။ ရပ်ကွက်လမ်းထဲက ၁၀ပေ နှစ်ထပ်အိမ်လေးမှာ လင်းရဲ့ဦးလေးဖြစ်သူမိသားစု ၅ယောက် လင်းအပါအဝင် ၆ယောက်နေထိုင်ကြတာဖြစ်သည်။ အိမ်ရှေ့ဘာဂျာတံခါးကို တွန်းဖွင့်ကာဝင်လိုက်တယ်ဆိုရင်ပဲ ဘုရားစင်အောက်က ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီးမှေးနေတဲ့ ဦးလေးက မျက်လုံးလေးပွင့်လာကာ လင်းကိုလှမ်းကြည့်သည်။ အရင်တုန်းကတော့ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ငွေလည်းအသင့်အတင့်သုံးနိုင်တော့ အရက်လေးသောက်တတ်လာရင်း အရက်ကျေးကျွန်ဖြစ်ကာ လေဖြန်းထားတာမို့ အသက်နဲ့မလိုက်အောင် ရုပ်ကျနေလေသည်။ အလုပ်ကလည်းဆေးပင်စင်နဲ့ထွက်လိုက်ရတာမို့ အမည်ခံအိမ်ထောင်ဦးစီးသာသာရယ်။
"ပြန်လာပြီလား သမီး"
"ဟုတ်ကဲ့ လေးလေး... သမီး လမ်းထိပ်ကနေ လေးလေးအတွက် လက်ဖက်ရည်နဲ့အီကြာကွေးဝယ်လာတယ် ခဏနေပြင်ပေးမယ်နော် လေးလေး"
"အေးပါအေးပါ"
လေးလေးကိုပြောပြီး နောက်ဖေးကိုတန်းဝင်သွားတော့ မီးဖိုချောင်မှာ လေးလေးသမီး အကြီးဖြစ်တဲ့ မေမြတ်က ထမင်းအိုးတည်ဖို့ပြင်နေရင်း လင်းကိုလှမ်းကြည့်ကာ
"မကြီးပြန်လာပြီလား"
"အင်း... ရော့ ဒီမှာ မေမြတ်တို့သားအမိတွေအတွက် မုန့်ဟင်းခါးဝယ်လာတယ်... လေးလေးအတွက်က လက်ဖက်ရည်... ခုမှထမင်းချက်နေတာလား ဆိုင်သွားဖို့အချိန်မမှီရင် ထားခဲ့လေ အစ်မလုပ်လိုက်မယ်... စားစရာရှိတာစား ပြီးရင်အလုပ်သွားဖို့ပြင်လိုက်တော့"
"ဟုတ် မကြီး... အဖေ့ကို မေမြတ်ပဲ ပြင်ပေးလိုက်တော့မယ်"
မေမြတ်ကိုခေါင်းညိမ့်ပြပြီး လင်းလည်း ထမင်းအိုးတည်ကြီး အောက်ထပ်တစ်ခုလုံးကို တံမြတ်စည်းလှည်းရင်း သန့်ရှင်းရေးလုပ်နေလိုက်သည်။ မေမြတ်ကတော့ လေးလေးကိုကျွေးရင်း သူမပါတစ်ခါတည်းစားနေလေသည်။ ဒီအချိန်ဆို ဒေါ်လေးက ဈေးသွားရာကနေ ပြန်လာတော့မည့်အချိန်ဖြစ်သည်။
💕Linn Latt May💕
Start from the beginning
