💕Only one wish💕

Start from the beginning
                                        

အတွေးတွေကိုရပ်ကာ ထမင်းအိုးတည်လိုက်ပြီးနောက် တစ်ခါတည်းရေချိုးလိုက်သည်။ ဒီနေ့တော့ Online Class ကြောင့် အိမ်မှာပဲရှိမှာမို့ Moisture တစ်မျိုးတည်းလိမ်းပြီး ဆောင်းတွင်းရောက်နေပြီမို့ Lotion နိုင်နိုင်လိမ်းလိုက်ပြီး ဘောင်းဘီရှည်ပွပွတစ်ထည်ဝတ်ကာ အပေါ်ကနေ တင်ပါးထိဖုံးတဲ့ တီရှပ်လက်ရှည်ကိုဝတ်လိုက်သည်။ နာရီကြည့်တော့ ၈နာရီခွဲနေပြီမို့ ခေါက်ပိုက်ဆံ‌အိတ်နဲ့ဖုန်းကိုယူကာ ၂လမ်းကျော်က မုန့်ဟင်းခါးဆိုင်ကို ပြေးတော့သည်။

ရန်ကုန်ကိုပြောင်းလာကတည်းက ဒီရပ်ကွက်ထဲမှာပဲ
အိမ်ငှားနေတာကြောင့် နှောင်းအတွက်တော့ ကိုယ့်ရပ်ကွက်လိုဖြစ်နေပြီ။ ရပ်ကွက်ထဲက ကလေး၊ ခွေးကအစ လူကြီးအဆုံး နှောင်းနဲ့ရင်းနှီးကာ တွေ့သမျှလူတိုင်းကိုလည်း နှုတ်ဆက်ရသေးသည်။ မုန့်ဟင်းခါးဆိုင်ကိုရောက်တော့ ကံကောင်းစွာနဲ့ မုန့်ဟင်းခါးရသေးတာမို့ တစ်ပွဲပါဆယ်ဝယ်လိုက်သည်။

"အဒေါ်ရေ မုန့်ဟင်းခါးတစ်ပွဲ ပဲကြော် ဘူးကြော် ငါးဖယ် အိုးဘဲဥနဲ့"

"ငါးဖယ်မရတော့ဘူး သမီးရေ"

"အာ့ဆိုလည်း ပဲကြော် ၂ခုထည့်ပေးပါ အဒေါ်"

"အေးအေး ဆီချက် နံနံပင်စားတယ်နော်"

"ဟုတ် အစုံစားတယ်... နံနံပင် ပဲသီး ပူစီနံကို အိတ်နဲ့သက်သက်ထည့်ပေးပါနော်"

"အေးအေး"

"ကြက်သွန်ဥနဲ့ ငှက်ပျောအူလေးပါ ပိုထည့်ပေးနော်"

"အေးပါအေ အားလုံးပေါင်း ၂၃၀၀ သမီး... အရည်ပိုထည့်ပေးထားတယ်နော်"

"ကျေးဇူးတင်ပါတယ်"

မုန့်ဟင်းခါးဝယ်ပြီးတာနဲ့ ရှေ့နည်းနည်းဆက်လျှောက်ကာ လက်ဖက်ရည်ဆိုင်မှာ အီကြာကွေးတစ်ချောင်းဝယ်ပြီး အိမ်ကိုပြန်လာခဲ့လိုက်သည်။ ထမင်းလည်း ကျက်နေပြီမို့ ဘုရားဆွမ်းတော်ကပ်ဖို့ ဆွမ်းထည့်ကာ သကြားဖြူးလိုက်ပြီး ဆွမ်းကပ်လိုက်လေသည်။

အခန်းကျဉ်းတစ်ခုမို့ ဘုရားခန်းသီးသန့်မရှိပဲ ခေါင်းရင်းဘက်က နေရာမြင့်မြင့်ကို ဘုရားစင်အဖြစ်သတ်မှတ်ထားပြီး စင်တစ်ခုကို အုတ်နံရံမှာရိုက်ထားကာ ရုပ်ပွားတော်တစ်ဆူနဲ့ ဘုရားပန်းအိုးတစ်အိုး သောက်တော်ရေနဲ့ ဆွမ်းသာ ဘုရားစင်ပေါ်တွင်ရှိလေသည်။ ဆွမ်းကပ်ပြီးတာနဲ့ စတီးဇလုံတစ်လုံးထဲ မုန့်ဖက်ထည့်ကာ ထမင်းကို ယောင်းမနဲ့နှစ်ခါလောက်ခပ်ထည့်လိုက်ပြီး အကြော်တွေ နံနံပင်တွေနဲ့ အီကြာကွေးပါ ထည့်ပြီးတာနဲ့ မုန့်ဟင်းခါးဟင်းရည်ကို နည်းနည်းချန်ကာ အကုန်လောင်းထည့်လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now