"ဪ... နောက်ဆို မ, ကြိုက်တတ်တာတွေ မှတ်ထားရမယ်"
"အာ့ဆိုရင်တော့ မှတ်မနေနဲ့တော့ နှောင်းက အကုန်စားတယ်... မကြိုက်ရင်တောင် တစ်လုပ်လောက်တော့စားတယ် မကုန်တာတစ်ခုပဲ"
"အခုကော ဝရဲ့လား,မ... ထပ်မှာဦးမလား"
"တော်ပြီလေ... ထမင်းစားဦးမှာပဲဟာ... မောင် သောက်လို့ပြီးပြီဆို သွားကြမလား... မောင်ပြပွဲသွားဖို့နောက်ကျနေမှာစိုးလို့"
မ စကားကြောင့် စေနာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးခါနီးပြီမို့
"အိုခေ သွားကြမယ်လေ... JC ကို ကားနဲ့ပဲသွားကြမယ်နော်"
"အင်း"
ကော်ဖီဆိုင်ကနေ လက်ချင်းတွဲကာ ထွက်လာပြီး ကားရပ်ထားတဲ့နေရာကို အရင်သွားကာ JC ဘက်ထွက်လာလိုက်သည်။ မြေအောက်ကားပါကင်မှာ ကားရပ်ပြီးတာနဲ့ စက်လှေကားစီးကာ အပေါ်ထပ် Market Place သို့ နှစ်ယောက်သား လက်ချင်းတွဲပြီး လျှောက်လာသည်။
"မ ခြင်းယူမလား... တွန်းလှည်းယူမလား"
"တွန်းလှည်းပဲယူမယ်... ဝယ်ရမှာများလို့"
မ စကားဆုံးတာနဲ့ စေလည်း တွန်းလှည်းယူကာ မနဲ့အတူ Market Place ထဲ ဝယ်မယ့်ပစ္စည်းတွေလိုက်ကြည့်တော့သည်။ လူသုံးကုန်ဘက်အရင်သွားကာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို တွန်းလှည်းထဲထည့်နေသည်။ သုံးနေကျတံဆိပ်ပဲ ဝယ်နေတာမို့ သူများတွေလို စိမ်ပြေနပြေလျှောက်ကြည့်မနေပဲ သုံးနေကျတံဆိပ်တွေ့တာနဲ့ တွန်းလှည်းထဲထည့်နေသည့် မ။ တစ်နေရာအရောက် ခြေလှမ်းက ရပ်သွားတာမို့ စေကြည့်လိုက်တော့ အမျိုးသမီးလစဉ်သုံးတံဆိပ်စုံလင်စွာ စီရီထားသော နေရာဖြစ်နေသည်။ မ က စေ့မျက်နှာကို မဝံ့မရဲကြည့်နေတာကြောင့်
"ဝယ်စရာရှိတာဝယ်လေ မ... ဒါသဘာဝပဲဟာ ရှက်စရာမလိုပါဘူး"
စေ့စကားဆုံးတာနဲ့ မ က အထုတ် ၃ ထုတ်လောက် လှည်းထဲပစ်ထည့်ပြီး စေ့လက်ကိုတွဲကာ တွန်းလှည်းကို အမြန်တွန်းပြီး ထိုနေရာမှထွက်ခဲ့သည်။
ခြင်ဆေးဗူး နဲ့ Air Freshener ဗူးတွေကို အနံ့မတူတာ ၂ဗူးဆီရွေးပြီးထည့်နေတာမို့ စေ့မှာကြောင်နေမိသည်။ ပြန်များရောင်းမလို့လား။ ထို့နောက် မုန့်တွေနဲ့ ကော်ဖီဘူးတစ်ဘူးကိုပါ ခြင်းထဲထည့်နေတာမို့
ကော်ဖီမသောက်တဲ့မက ဘာလို့ဝယ်မှာလဲ စဉ်းစားမရ။
💕 Holding Hands💕
Start from the beginning
