နှောင်းပြောတာကို ငေးကြည့်နေတဲ့ စေကြောင့် ပြောမိတဲ့ကိုယ့်ပါးစပ်ကိုသာ ရိုက်ပစ်လိုက်ချင်သည်။ ရှက်စရာကောင်းလိုက်တာ မိနှောင်းရယ်။
ဆံပင်တိုတွေကို နောက်မှာစုစည်းထားပြီး ရှေ့နဖူးနားက ဆံပင်အနည်းငယ်ကို ချထားကာ ဟမ်းချိန်းဝတ်ထားတဲ့လက်ကိုမြှောက်ပြနေတဲ့ "မ"ရဲ့ ပုံစံက စေ့မျက်လုံးထဲမှာတော့ ဆွဲဖက်နမ်းပစ်ချင်လောက်အောင် အသည်းယားစရာကောင်းနေသည်။
ချစ်မဝလို့ ဘာမှတောင်မပြောနိုင်ပဲ မြတ်နိုးစွာ ငေးကြည့်နေမိတာကို "မ"က ဘယ်လိုထင်သွားလဲမသိ။ ရပ်နေတဲ့စေ့နားကနေ ရှေ့ကိုလျှောက်သွားသည်။ "မ"ရဲ့ ကျောပြင်လေးကို ကြည့်ပြီး စေချစ်မြတ်နိုးစွာဖြင့်
"အဲ့ပန်းချီကားထဲက မိန်းကလေးက "မ"ရဲ့ပုံပါ"
"ဟင်"
စေ့ဘက်ကို ပြန်လှည့်ကြည့်ပြီး ထူးလိုက်တဲ့ "မ"ပုံစံက စေပြောတာကို မကြားလိုက်တဲ့ပုံမို့ "မ"နဲ့ ခြေတစ်လှမ်းကွာတဲ့အထိ လျှောက်သွားပြီး "မ"ရှေ့ ခြေစုံရပ်ကာ
"ပန်းချီကားထဲက မိန်းကလေးက "မ" လို့"
"ဟင်.. တကယ်ကြီးလား"
"အွန်း.. အဲ့ဒါကြောင့် "မ"ကို ကျွန်တော်က ဒီနေ့ကို မဖြစ်ဖြစ်အောင် လာစေချင်ခဲ့တာ.. အခုလည်း ပန်းချီကားရှေ့မှာ နှစ်ယောက်အတူတူ မကြည့်လိုက်ရတာကလွဲလို့ "မ"လာတယ်ဆိုရုံနဲ့တင် ကျေနပ်ပါတယ်လေ"
"...................."
"ပန်းချီကားနာမည်ကိုတွေ့ခဲ့လား"
"...................."
"Sólo Tu.. Sólo Tu ဆိုတာ စပိန်ဘာသာစကားလေ.. သူ့အဓိပ္ပါယ်က မင်းတစ်ယောက်သာတဲ့"
"ဟင်"
" အင်း.. မင်းတစ်ယောက်သာတဲ့.. "မ"က ကျွန်တော့်အတွက် တစ်ဦးတည်းသောသူ တစ်ယောက်တည်းသောသူဆိုတဲ့ အဓိပ္ပါယ်နဲ့ Sólo Tu ဆိုပြီး ပန်းချီကားနာမည်ကို ပေးခဲ့တာ"
ဖျန်းခနဲပူတက်လာတဲ့ ပါးပြင်တွေကြောင့် နှောင်းမျက်နှာရဲနေမယ်ဆိုတာ အသေအချာပင်။ ပန်းချီကားထဲကမိန်းကလေးက နှောင်းဆိုတဲ့ အသိနဲ့တင် ကြည်နူးရင်ခုန်မှုက ထိန်းမရတာမို့ ပန်းချီကားနာမည်ကိုပါသိလိုက်ရတော့ ရင်ခုန်မှုကို အတိုင်းအဆမဲ့။
💕 Let's Date💕
Start from the beginning
