ဤသို့နှင့် သျှသိမြို့စားမင်းစိတ္တဟာ မင်းသားအရုဏ​​၏သစ္စာခံဖြစ်လာသည်။ ထို့ကြောင့် သျှသိမြို့ဟာလည်း အရုဏ​၏အာဏာစက်ကွင်းအောက် အလိုလိုရောက်ရှိလာသည်။

ကဆုန်လဆန်း ၃ ရက်နေ့တွင် အရုဏလက်အောက်တွင်ရှိသော မြို့သုံးမြို့ကို ဘုရင်ဘရဏသူ​၏သစ္စာခံတပ်ဖွဲ့များ လာရောက်တိုက်ခိုက်သည်။

သည်တစ်ခါတွင် တစ်ဖက်ရန်သူက ဗြုန်းစားလာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ရည်များသာမက ဗျူဟာများကပါ ပြင်းထန်၍အကွက်ကျစေ့စပ်နေသည်။

ကြားရသော မှန်ကန်သည့်သတင်းအရ ယခု ဥတ္တရနိုင်ငံကို စီမံအုပ်ချုပ်နေသူမှာ ဘုရင်ဘရဏသူမဟုတ်။ မယ်တော်ကြီးပဉ္စမာယာက အာဏာယာယီလွှဲပြောင်း၍ ဘုရင်မအဖြစ်အုပ်ချုပ်နေသည်ဟု သိရသည်။

မယ်တော်ကြီး အုပ်ချုပ်နေသည်ဟူသောသတင်းမှာ ပေါ့သေးသေးထင်မှတ်၍ မရသောသတင်းပင်။ မယ်တော်ကြီး​၏ အကွက်မြင်မှု၊ စေ့စပ်မှု၊ ထက်မြက်မှုတို့ကို တခြားသူများထက်ပို၍ မြင်ခဲ့ရသည့် အရုဏနှင့်ယုဂန်တို့သည် ရန်သူ​၏တိုက်စစ်များကို ပြန်လည်ခုခံရန် သေသေချာချာဆောင်ရွက်ရတော့သည်။

မင်းကြီး ဘရဏသူက တွန့်သည်။ ရွံ့သည်။ မြင်သာအောင်ထုတ်ပြခြင်းမဟုတ်သော်လည်း အမှားပါမည်ကို ကြောက်သောစိတ်အခံရှိသဖြင့် ဆုံးဖြတ်ချက်ချရာတွင် တုံ့ဆိုင်းသည်။

သို့ရာတွင် မယ်တော်ကြီးက ထိုသို့မဟုတ်။ သူမက ဝံ့သည်။ ရဲသည်။ သူမ​၏အကြံအစည်အပေါ် ယုံမှား သံသယမရှိနိုင်အောင် အစကတည်း​က ပြီးပြည့်စုံနေအောင် ပြင်ဆင်ထားတတ်သည်။ အကယ်၍ ပြင်ဆင်ထားသည့်ကြားမှ အမှားအယွင်းတစ်စုံတစ်ရာဖြစ်တည်သွားပါကလည်း ချက်ချင်းပြုပြင်နိုင်သည့်ဉာဏ်မျိုး မယ်တော်ကြီးပဉ္စမာယာထံတွင်ရှိသည်။

ဤသို့နှင့် အရုဏသည် သူ​၏ဩဇာခံနယ်မြေများ တစ်ဖက်ရန်သူ့လက်ထဲမပါသွားအောင် ခံစစ်ကို ခိုင်မြဲအောင် ဆောက်တည်ရတော့သည်။

ထိုအခြင်းအရာနှင့်ပင် ပတ်သက်ပြီး တပ်မှူး၊ စစ်မင်းမင်းကဲများနှင့် အုပ်ချုပ်ရေးပိုင်းမှလူများကို အစည်းအဝေးအခေါ်ရှိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now