သူမတို့နောက်ကို မသိမသာလိုက်လာရင်း စာအုပ်ဆိုင်ထဲဝင်သွားတာကြောင့် စေပါ မယောင်မလည်နဲ့ စာအုပ်ဆိုင်ထဲလိုက်ဝင်လာခဲ့သည်။ စာအုပ်ကိုစိတ်ဝင်တစားရွေးနေတဲ့သူမရဲ့ပုံစံကို တစိမ့်စိမ့်ကြည့်ရင်း ရင်တွေခုန်လာခဲ့တယ်ဆိုတာ ကိုယ့်ကိုကိုယ်သာအသိဆုံးပင်။ သူမစာအုပ်ဆိုင်မှာရှိနေတဲ့တစ်ချိန်လုံး စေသူမဆီကနေ အကြည့်တို့မလွှဲနိုင်ခဲ့။ ခဏနေတော့ သူမသူငယ်ချင်းဖြစ်ဟန်တူတဲ့မိန်းကလေးက အလောတကြီးဆိုင်ထဲကပြေးထွက်သွားတာကြောင့် သူမတစ်ယောက်တည်းကျန်ခဲ့သည်။ ပိုက်ဆံရှင်းဖို့ သူမကောင်တာဘက်သွားတာနဲ့ စေအလျင်အမြန် သူမနောက်မှာ ကပ်ရပ်လိုက်တာတောင် သူမကတော့ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိပဲ စာအုပ်ရှင်းခါနီးမှ ပိုက်ဆံမပါတာကြောင့် ပျာယာခတ်သွားပုံကို ကြည့်ရင်း စေ့အတွက်အခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ
"ကျွန်တော့်စာအုပ်တွေနဲ့ ပေါင်းရှင်းလိုက်ပါ"
စေ့အသံကြောင့် မော့ကြည့်လာတဲ့သူမရဲ့ပုံစံကိုအသည်းယားပြီး ဆွဲညှစ်ပစ်လိုက်ချင်မိသည်။ အနီးကပ်မြင်ရမှ မိတ်ကပ်တောင်လိမ်းထားရဲ့လားမသိတဲ့အသားအရည်က ကြည်ကြည်တောက်တောက်လေးမို့ ထိမိရင်တောင် ရဲသွားမှာစိုးရိမ်ရသည်။ သူမကိုဆက်ကြည့်နေရင်း ရင်တွေခုန်လာတာကြောင့် သူမဆီကအကြည့်လွှဲကာ ငွေရှင်းတဲ့ဆီပဲ အာရုံစိုက်လိုက်ရသည်။
မနေ့ကအကြောင်းပြန်တွေးနေတာကို ရပ်လိုက်ပြီး နာရီကြည့်လိုက်တော့ ၆နာရီဖြစ်နေပြီမို့ ဘေးဘီဝဲယာကို ကြည့်ကာ မျှော်နေတဲ့အရိပ်လေးကို ရှာမိသည်။ ထိုစဉ် စေ့မျက်လုံးထဲဝင်လာတဲ့ ပုံရိပ်လေး။ Bell Bottom Office Pant အမည်းရောင်ကို ဆွဲသားလက်ရှည်အဖြူရောင်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး တံတောင်ဆစ်နားထိ အင်္ကျီလက်ကို ဆွဲတင်ထားတာမို့ အရိုးရှင်းဆုံးဖက်ရှင်နဲ့ သူမက လူအများကြားမှာ ထင်းနေတာပင်။ စေ့အနားကိုရောက်လာတဲ့သူမက
"ဟိုင်း.. ဆော်ရီးပါ ကျွန်မတော်တော်လေး
နောက်ကျသွားတယ်.. ဒီနေ့ကရုံးဖွင့်ရက်ဆိုတော့လေ"
💕100% Falling in Love💕
Start from the beginning
