အရင်ဦးစွာ အရုဏသည် အနီးနားရှိ ရွာများနှင့် မြို့ငယ်များကို သွားရောက်သိမ်းပိုက်သည်။ ခက်ခဲစွာ မကြိုးစားလိုက်ရဘဲ သူအုပ်စိုးနိုင်သောနယ်မြေဧရိယာကို ချဲ့ထွင်နိုင်ခဲ့သည်။

တပို့တွဲလဆန်း၁ ရက်နေ့တွင် တမာပင်ရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာငယ်အားလုံးကိုစုပေါင်း၍ တမာပင်မြို့​ဟု တရားဝင်ကြေညာခဲ့သည်။

တကယ်က ပုန်ကန်သူတိုင်းသည် သူတို့စတင်ခဲ့သောနေရာကို အောင်မြေဟုသတ်မှတ်ကာ လှပခမ်းနားသောအမည်များ ပြောင်းလဲလေ့ရှိသည်။ သို့ရာတွင် အရုဏမှာမူ အမည်နှင့်ပတ်သတ်ပြီး များစွာခေါင်းစားမခံသူဖြစ်လေရာ တမာပင် အနောက်တွင် " ရွာ" ဖြုတ်၍ " မြို့" ပြောင်းတပ်ခြင်းသာ ပြုလုပ်ခဲ့လေသည်။ သူက ရှေ့ဆက်ပြီး

" လူတွေ တခြားနာမည် ထပ်မှတ်နေစရာမလိုတော့ဘူး"

ဆိုပြီးတောင် ရုပ်တည်ကြီးနှင့်ဆိုခဲ့သေးသည်။

မည်သို့ပင်ဆိုစေကာမူ တမာပင်သည် မြို့ကြီးဖြစ်သွားလေပြီး ရွာသူကြီးမှာ မြို့စားအဆင့်ရောက်ရှိသွားလေသည်။

အရုဏသည် တမာပင်မြို့​၏အုပ်ချုပ်ရေးကို မြို့စားဖြစ်သွားသော သူကြီးထံတွင် အပ်နှံခဲ့ကာ တစ်ပါးသောအရပ်များတွင် စစ်ချီရန် စစ်ထွက်ခဲ့တော့သည်။ သူနှင့်အတူ ယုဂန်သည်လည်း လိုက်ပါ​၏။ ပီယံကမူ အရုဏအာဏာစက်ဝန်းအောက်မှ မြို့ရွာများ​၏အခြေအနေကို ထိန်းကွပ်ရန်အလို့ငှါ ပင်မအုပ်ချုပ်ရေးဆိုက်ရာ တမာပင်မြို့၌ပင် ကျန်ရစ်ခဲ့သည်။

တပို့တွဲလဆန်း ၁၁ ရက်နေ့တွင် သန္နီးမြို့ကို မင်းသားအရုဏသိမ်းပိုက်လိုက်ပြီဟူသော သတင်းမှာ ဟီရနန်းတော်တစ်ခွင်ကို ဆူညံပွက်လောရိုက်သွားစေသည်။

နောက်ထပ်တစ်ပတ်မျှအကြာတွင် တခြားသောမြို့တစ်မြို့ကို မင်းသားအရုဏ သိမ်းလိုက်ပြန်ပြီဟူသော သတင်းထွက်ပေါ်လာသည်။

မင်းကြီး​၏တပ်မှ ထိုမြို့များကို အရုဏလက်ထဲမှ ပြန်ယူရန်ကြိုးပမ်းသော်လည်း တစ်ဖက်က ခံစစ်ကောင်းမွန်လွန်းသည်ဖြစ်ရာ ပါသွားသောမြို့များကို လက်လွှတ်လိုက်ရပြီး တခြားသောမြို့များကို ကာကွယ်ရန်သာ ကြိုးပမ်းတော့သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now