နှောင်းအသားအရည်လှတယ်ဆိုပြီး မေမေပြောနေကျစကား...။ မဖြူမညိုအသားအရည်က ဝါညက်ညက်လေးနဲ့ ဒီအတိုင်းကြည့်ရင် ညိုတယ်ထင်ရပေမယ့် အသားဖြူသူတွေနဲ့ယှဉ်ရင် နှောင်းက ဝင်းပြီး ပိုဖြူနေသယောင်။ ဒါကြောင့် မေမေပြောဖူးသလိုပဲ နှောင်းကအသားအရည်လှပါတယ်ပေါ့။ ဘဲဥပုံစံမျက်နှာသေးသေးလေးထက်က ညီညာထူထဲတဲ့ မျက်ခုံး၊ တစ်ခြားမိန်းကလေးတွေလို ဝိုင်းနေတဲ့မျက်ဝန်းမျိုးမဟုတ်ပဲ အနည်းငယ်ရှည်ရှည်လေးဖြစ်နေတဲ့မျက်လုံးတွေက ပိုဆွဲဆောင်မှုရှိနေသလို၊ နှာတံပေါ်တယ်ဆိုရုံလောက်လေးနဲ့ နှာခေါင်းထိပ်မှာ မဆိုသလောက်လေး လုံးသွားတဲ့နှာခေါင်း၊ ဆေးမကူပါပဲ ဖူးဖူးလေးဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံ အားလုံးခြုံငုံကြည့်လိုက်ရင် နှောင်းရိပ်ငယ်ဆိုတဲ့ ကျွန်မဟာ ကြည့်ကောင်းတဲ့မိန်းကလေးတွေထဲမှာ တစ်ဦးအပါအဝင်ပါပဲ။ မမှီ့တမှီစည်းနှောင်ထားတဲ့ဆံပင်လေးတွေက ခေါင်းစည်းကြိုးဖြည်ချလိုက်တဲ့အခါ ခပ်တိုတိုဆံပင်တွေက ဂုတ်ပေါ်မှာ ဝဲကျလာတယ်။ မှန်ထဲက ကိုယ့်ပုံရိပ်ကို သုံးသပ်ပြီးတာနဲ့ ချွတ်ထားတဲ့အဝတ်တွေကို ဘေစင်အောက်က လျှော်မယ့်ခြင်းထဲ ပစ်ထည့်လိုက်ပြီး ဗိုက်ကလည်း အချက်ပြနေတာကြောင့် ဒီနေ့တော့ ရေစိမ်ဖို့ မစဉ်းစားတော့ပဲ ခပ်မြန်မြန်ပဲ Bathtub ထဲဝင်ပြီး ရေပန်းကိုဖွင့်ကာ ခေါင်းလျှော်ရေချိုးလိုက်သည်။
၁၅မိနစ်ခန့်အကြာ...
ရေချိုးခန်းထဲကနေ မျက်နှာသုတ်ပုဝါအကြီးတစ်ခုကို ခန္ဓာကိုယ်မှာပတ်ထားပြီး မျက်နှာသုတ်ပုဝါအသေးတစ်ခုဖြင့် ခေါင်းကိုသုတ်ပြီးထွက်လာသည်။ မှန်တင်ခုံ သီးသန့်ရယ်လို့မဟုတ်ပဲ စာရေးစားပွဲပေါ်က လွတ်နေတဲ့နားမှာ မိတ်ကပ်ပစ္စည်းတွေကို အစီအရီထားထားတဲ့နေရာသို့ လျှောက်သွားပြီး ထိုင်ခုံပေါ်ထိုင်ကာ တိုနာအနည်းငယ်ကို လက်ဖဝါးထဲထည့်ပြီး မျက်နှာပေါ်ခပ်ဖွဖွပုတ်လိမ်းလိုက်သည်။ လက်နဲ့ ၄ ၅ ချက်လောက် ယပ်ခတ်လိုက်ပြီး Moisture အနည်းငယ်ကို မျက်နှာအနှံ့ညင်သာစွာလိမ်းလိုက်သည်။ ပြီးတာနဲ့ ခုတင်ပေါ်တက်ကာ ခန္ဓာကိုယ်အနှံ့ Lotion သေချာလူးလိုက်ပြီး ဗီဒိုဖွင့်ကာ ခပ်ပွပွတီရှပ်တစ်ထည်နဲ့ ပေါင်လယ်လောက်သာရှိတဲ့ချည်သားဘောင်းဘီတိုလေးကို ဝတ်လိုက်သည်။ မခြောက်တစ်ခြောက်ဖြစ်နေတဲ့ဆံပင်တွေကိုတော့ မသုတ်တော့ပဲ လက်ချောင်းများနဲ့ဖြစ်သလို ဖီးထားလိုက်ပြီး Mini Kitchen ဘက်ကို လျှောက်လာလိုက်သည်။ မနက်ကကျန်တဲ့ထမင်းအနည်းငယ်ရှိသေးတာမို့ လွယ်လွယ်ကူကူထမင်းကြော်စားဖို့စိတ်ကူးရသွားတာကြောင့် ရေခဲသေတ္တာထဲက CP ကြက်ဥချောင်းနဲ့ ဝက်သားပြားအနည်းငယ်ကိုထုတ်လိုက်သည်။ မုန်လာဥနီတစ်မျိုးပဲတွေ့တာကြောင့် မုန်လာဥနီကိုရေဆေးပြီး အတုံးသေးသေးတုံးထားလိုက်သည်။ ဝက်သားကို ရေစင်အောင်ပြန်ဆေးပြီး ဒယ်အိုးထဲ ထောပတ်အနည်းငယ်ထည့်ကာ ဝက်သားပြားတွေကို မီးအေးအေးနဲ့လှိမ့်လိုက်သည်။ ဝက်သားအရောင်ကပြောင်းလာတာနဲ့ မုန်လာဥနီ၊ ကြက်ဥချောင်း နဲ့ ထမင်းထည့်ပြီး ဆားအနည်းငယ်နဲ့ ထောပတ်အနည်းငယ်ထပ်ထည့်ကာ ကြော်လိုက်သည်။ ရလောက်ပြီဆိုမှထောပတ်နံ့သင်းသင်းနဲ့ထမင်းကြော်ကို ပန်းကန်လုံးထဲထည့်ကာ စားပွဲပေါ်တင်ထားလိုက်သည်။ ရေခဲသေတ္တာထဲက လိမ္မော်ဖျော်ရည်ကိုဖန်ခွက်ထဲထည့်ပြီး ထမင်းစားဖို့ပြင်လိုက်သည်။
💕 Daily Routine💕
Start from the beginning
