ဇာတ်သိမ်း(Z & U)

1.3K 33 8
                                    

Zawgyi

''ကိုယ်ဟာ မြတ်ရဲ့အချစ်ဦးဖြစ်ခဲ့သလို ကိုယ့်အတွက်လည်း မြတ်ကအချစ်ဦးပါပေ။ကံကြမ္မာအပြောင်းအလဲတွေကြားကနေ ခဲရာခဲဆစ်တည်ဆောက်ခဲ့ရသည့် ကိုယ်တို့ဘဝ အဆုံးထိသာ တည်မြဲနိုင်မယ်ဆို ကိုယ့်အတွက် တခြားဘာဆုတောင်းမှ မလိုအပ်တော့ပါ။''

laptopပေါ်မှာ တစ်ချက်ချင်းပြေးလွှားနေသည့် ကိုယ့်ရဲ့လက်ချောင်းလေးတွေ ငြိမ်သက်သွားခဲ့လေပြီ။နောက်ဆုံးတော့ ''မြတ်''ဇာတ်လမ်းလေးကိုအဆုံးသတ်နိုင်ခဲ့ပြီပဲ။လက်နှစ်ဖက်ကို ဆန့်တန်းပြီး အကြောဆန့်ပစ်လိုက်တော့မှ တင်းနေတဲ့ခါးကြောတွေပါ ပြေလျော့သွားတော့သည်။ကိုယ်ရေးနေကျ ပုံစံနဲ့မတူညီတဲ့ သမာရိုးကျအချစ်တစ်ခုကို ဖန်တီးရတာလွယ်တော့မလွယ်။

ကိုယ်ခြေချထားမိတဲ့လောကက LGBTဘဝတွေကို အခြေခံပြီး ဖွဲ့နွဲ့ရေးရတဲ့အနေအထားပေမို့ ခုလိုသာမာန်ဇာတ်လမ်းမျိုးဆို စိတ်ဝင်စားတာနည်းသည်။ခုပဲကြည့်လေ။အရင်ရေးတဲ့ဇာတ်လမ်းများစွာနဲ့ ယခုဇာတ်လမ်းမှာ ဖတ်ရှူသူviewerဦးရေက ဆယ်ပုံတစ်ပုံတောင်မက။သို့သော်လည်း ကိုယ်ကျေနပ်သည်။ဒါကို သူများကိုဖတ်စေချင်လို့ဆိုတာထက် ကိုယ့်ဘဝရဲ့အမှတ်တရအနေနဲ့ မှတ်တမ်းထားချင်ခဲ့တာမျိုးကိုး။

''မြတ်''ဟာ ကိုယ့်ဘဝရဲ့အချစ်ဦး။အချစ်ဆုံး။ပြောရမယ်ဆို ကိုယ်ဘယ်တော့မှမမေ့ပစ်မဲ့လူတစ်ယောက်ပဲလေ။တကယ်တော့ မြတ်အကြောင်းကို စရေးမယ်စိတ်ကူးမိတာလည်း မြတ်ကြောင့်လို့ပဲ ပြောရပေမည်။နှစ်ပေါင်းများစွာချစ်ခဲ့ကြပြီး အကြိမ်ကြိမ်လွဲချော်ခဲ့ဖူးတဲ့ကိုယ်နဲ့မြတ်က လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ထပ်မံပြီးလွဲခဲ့ရပြန်သည်။ထိုကာလတွေမှာ မြတ်နဲ့ကိုယ် ဖုန်းတွေဆက်ဖြစ်ခဲ့ကြသလို စာတွေလည်းအများကြီးပို့ဖြစ်ခဲ့ကြတာ ခုပြန်တွေးရင် ခုပြုံးမိတဲ့အထိပါပဲ။

''ငါ နင့်အကြောင်းရေးမလို့''

''ဟေ့..ဘာလဲ..ကိုယ့်ကို BL versionပြောင်းရေးမလို့လား။''

''အင်း''လို့ကိုယ်ပြောတော့ ဟာခနဲဖြစ်ပြီး ရယ်ကြဲကြဲလုပ်နေသည့်မြတ်အသံကိုခုထိကိုယ်မမေ့သေး။တကယ်တမ်းကျ သာမာန်အချစ်ဇာတ်လမ်းတစ်ခုအနေနဲ့ပဲ ကိုယ် ပုံဖော်ဖြစ်ခဲ့သည်။စရေးတော့ အတိုအနေနဲ့ပဲ ကိုယ့်ရဲ့Facebook စာမျက်နှာမှာ ကိုယ်တင်ဖြစ်ခဲ့သည်။အသက်ခုနစ်နှစ်ကွာတဲ့အိမ်ထောင်သည်ဇာတ်လမ်းမျိုးလေးနဲ့ ကိုယ် အစပျိုးခဲ့တာဆိုပါတော့။

မြတ် (မြတ် )Where stories live. Discover now