"ချစ်ခြင်းမေတ္တာ" စာလုံးလေးလုံးတည်းဆိုပေမယ့် အဓိပ္ပာယ်ပေါင်းများစွာဖွင့်ဆိုနိုင်ပြီး ထိုခေါင်းစဥ်အောက်မှာပတ်သက်လာတဲ့လူစိမ်းနှစ်ယောက်ရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲပစ်နိုင်စွမ်းရှိလေ၏။ အဲ့ဒီထဲမှာ သူစိမ်းမဟုတ်တဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ဘဝတွေလည်းပါလေရဲ့။ ဘာတွေပြောင်းလဲသွားလဲဆိုရင် အများကြီးပြောင်းလဲခဲ့တာပေါ့လို့ဖြေပါရစေ။ တိတိကျကျဖြေပါဟုဆိုခဲ့လျှင် ကိုကိုနဲ့ကျွန်တော်အတူတူဖြတ်သန်းခဲ့တဲ့နေ့ရက်တွေဟာ တိကျတဲ့အဖြေပါဘဲ။ ဒီအဖြေကိုမကျေနပ်နိုင်သေးဘူးဆိုလည်း အနာဂတ်မှာရောက်လာမယ့်ကလေးလေးတွေကဆက်ပြီးဖြေပေးကြပါလိမ့်မည်။

"အောင်ဘုန်းဟန်  ဘုန်းပြည့်ချမ်းဟန်" စားပွဲခုံပုလေးပေါ်ယှဥ်လျက်ချထားတဲ့ဘယ်ဘက်လက်တွေရဲ့ လက်သူကြွယ်ကိုယ်စီမှာ ထိုနာမလေးတွေအသစ်စက်စက်တည်ရှိနေပါ၏။ ကိုကို့ဆီမှာကျွန်တော့်နာမည် ကျွန်တော့်ဆီမှာကိုကို့နာမည် အသီးသီးရှိနေပါပြီ။ယခုမှထိုးပြီးခါစဖြစ်၍ အနာကျက်မှသာလက်စွပ်လေးတွေဝတ်ဖို့ရည်ရွယ်ထားကြပါ၏။ ကျွန်တော်ကတော့ အနာကျက်ကျက်မကျက်ကျက် နှစ်ဆန်းတစ်ရက်နေ့ရောက်လျှင်ဝတ်မည်ဟုဆုံးဖြတ်ထားပါသည်။

အရွယ်အစားမတူသည့် အကြည်ရောင်စိန်လက်စွပ်လေးနှစ်ကွင်းကတော့ ဘုရားကျောင်းဆောင်ပေါ်ရှိကလပ်လေးတစ်ခုအတွင်းတွင်ထည့်ထားပြီး ထိုကလပ်လေးကတော့ဘုရားဆင်းတုတော်ရှေ့ဦးခိုက်လျက်အနေအထားဖြင့်ရှိနေခဲ့ပြီးဖြစ်ပါသည်။

သပြေညွန့်အခက်လေးတွေကိုယ်စီကိုင်ထားတဲ့လူကြီးသုံးယောက်ဟာ ထိုသပြေခက်များကိုရွှေဖလားထဲရှိအမွှေးနံ့သာရည်များထဲနှစ်လိုက်ပြီးနောက် နံ့သာရည်စိုနေတဲ့သပြေခက်တွေကို သူတို့လက်နှစ်ဖက်ပေါ်တဖျတ်ဖျတ်ရိုက်ကာဂုဏ်တော်များပွားများပြီးချီးမြှင့်ကြလေသည်။ အခါတော်ပေးဖို့ ဟူးရားပုရောဟိတ်မလို သူတို့အတွက်တော့ မိဘများကသာအကောင်းဆုံးအခါတော်ပေးပါဟုဆိုခဲ့၍ လူကြီးတွေကယခုလိုဂုဏ်တော်ပွားများပြီးကောင်းချီးပေးနေကြခြင်းဖြစ်ပါသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now