''နင့်ဆရာမ ပြန်ရောက်နေပြီ''

''ဟုတ်လား။ဘယ်မှာလဲ''

''ကားမူးလာလို့တဲ့ အိပ်နေတယ်''

''ထမင်းရော စားပြီးရဲ့လား''

မိုးနွယ်နဲ့နှစ်ယောက်ပြောနေသံက အိပ်မပျော်သည့်ကိုယ့်နားထဲအတိုင်းသား။တံခါးက စေ့ရုံစေ့ထားတာမို့လည်းအသံကရှင်းလင်းပြတ်သားနေတာဖြစ်လိမ့်မည်။ခဏနေတော့ အခန်းတံခါးအသာလေးဟလာပြီး..

''နိုးနေတာလား''

ကုတင်ပေါ်ကနေ အခန်းဝကိုက မျက်နှာချင်းဆိုင်ဆိုတော့ ကိုယ့်မျက်လုံးတွေပွင့်နေခြင်းကို မြတ်မြင်သွားလေသည်။အခန်းထဲလှမ်းဝင်လာရင်း..

''ထပြီး ရေချိုးလိုက်။ကိုယ် ရေနင်းပေးထားမယ်။ပြီးရင် ထမင်းအတူစားမယ်လေ''

''အင်း..''

မြတ်တို့အိမ်မှာက ခြေနင်းတုံကင်မို့ ရေမချိုးခင် ရေနင်းရသည်ကတစ်လုပ်။ကျန်းမာရေးနဲ့ထောက်ရှုရင်တော့ လေ့ကျင့်ခန်းပေါ့လေ။ကိုယ် ရင်လျားပြီးထွက်လာတော့ ရေကကျောက်စည်တစ်ဝက်ဖြစ်နေလေပြီ။

''တော်ပြီလေ..''

''ချိုးပါ...ဝအောင်ချိုး။ဒါမှလန်းမှာ''

ဆောင်းရာသီဆို အသည်းခိုက်အောင်အေးပေမဲ့ နွေရာသီကတော့ ဒီကျောက်စည်ထဲက ရေကအားကိုးစရာ။အေးစိမ့်ပြီးအလွန်ချိုးလို့ကောင်း၏။ကိုယ့်ရန်ကုန်မှာရေမရှိသလိုမျိုး အားပါးတရချိုးရင်း ကိုယ်ပြီးသည်အထိ မြတ်တစ်ယောက် ရေနင်းလို့မပြီး။

''ထမီရေလဲရော..''

''အယ်..ငါဟိုနားလေးတင်ခဲ့တာ..နေဦး..အနောက်ကနေပတ်သွားပြီးလဲလိုက်မယ်''

''ဒီမှာနေ..ကိုယ်ယူလာပေးမယ်။အနောက်ကနေသွားရင်ခြေထောက်ပြန်ပေဦးမယ်''

ထမီမို့လို့ မယူစေချင်လို့ တားပါသော်ငြား သွက်လက်လွန်းသည့်မြတ်က ထမီလက်ထဲကိုင်ပြီးတောင်ပြန်ရောက်လာလေပြီ။

''သေချာလဲ။ကျွတ်ကျနေမှ''

''ကျွတ်စရာလား။နင်သာ ကြည့်မနေနဲ့''

''မကြည့်ပါဘူးဗျာ''

ပြောပြောဆိုဆိုနဲ့ အိမ်ပေါ်ကိုအရင်သွားနှင့်ပြီး ကိုယ်အဝတ်ရေညှစ်တာဘာညာအပြီး အိမ်ပေါ်လှမ်းတက်မှ မြတ်ပြန်ဆင်းလာတော့သည်။

မြတ် (မြတ် )Where stories live. Discover now