ခေမာမင်းကြီးလက်ထက်က ဆူလနယ်မြေကို သူလျှိုလွှတ်၍ သတင်းရယူခိုင်းခဲ့ဖူးသည်။ သို့သော်လည်း ထိုသူလျှိုမှာ လူမိသွားသဖြင့် အသတ်ခံခဲ့ရ​၏။ ဆူလနယ်မြေအတွင်းသို့ ဝင်ရောက်ရမည့်ကိစ္စမှာ မိမိအသက်ကို ဖက်နှင့်ထုပ်သွားရမည့်နှယ် ဖြစ်နေသည်။

ဆူလကြောင့် ဖြစ်သောဒုတိယပြဿနာမှာတော့ ပန်သျှားတိုင်းပြည်ပင်ဖြစ်သည်။ ဆူလလူမျိုးသည် ပန်သျှား​၏တိုင်းရင်းသားဖြစ်သည်နှင့်အညီ ပန်သျှားနိုင်ငံ၌ ဆူလပြည်နယ်ဟူ၍ သီးသန့်ရှိသည်။ ပန်သျှားနိုင်ငံ​၏ စစ်တပ်ဖွဲ့စည်းပုံမှာ တစ်ပြည်နယ်လျှင် စစ်တပ်တစ်တပ်ဖွဲ့၍ ပင်မအုပ်ချုပ်ရေးဖြစ်သော ပန်သျှားဘုရင်ထံ ဆက်သရသည်။ ထိုတွင် သွေးရဲကာ သစ္စာရှိသော၊ စိတ်ဓာတ်ခိုင်မာသော ဆူလစစ်တပ်မှာ ပန်သျှားဘုရင်​၏ ထောက်တိုင်ဖြစ်လေသည်။ ထို့အတူ ဆူလလူမျိုးများသည်လည်း ပန်သျှားတော်ဝင်မိသားစုကို အထောက်အပံ့ဖြစ်သော လူမျိုးဖြစ်သည်။

ပန်သျှားရှိ ဆူလလူမျိုးများက ဥတ္တရနိုင်ငံသည် ဆူလတို့ကို ဖိနှိပ်သဖြင့်၊ ညှဉ်းပန်းသဖြင့် ဤကဲ့သို့ပြဿနာဖြစ်ရကြောင်း ပန်သျှားပြည့်ရှင်မင်းထံ လျှောက်တင်ကြသည်။ သူတို့က ဥတ္တရရှိ ဆူလတို့ကို သူတို့ကဲ့သို့အေးချမ်းစွာ နေထိုင်စေလိုသည်ဟု ဆိုသည်။ ထိုအခါ ပန်သျှားပြည့်ရှင်သည် ဥတ္တရ​၏ဆူလပြဿနာကို ဝင်ရောက်စုံစမ်း​၏။ ထို့နောက် ဆူလတို့ပုန်ကန်ရခြင်း၊ အမှောင်ထုနယ်မြေဖြစ်ရခြင်းမှာ ဥတ္တရ​၏အုပ်ချုပ်ရေးကြောင့်ဟု စွပ်စွဲကာ ယင်းကိစ္စအား ဥတ္တရဘက်မှ သေချာဖြေရှင်းပေးရမည် ဟုဆိုလေသည်။

အချိန်အနည်းငယ်ကြာသည်အထိ ဥတ္တရဘက်မှဖြေရှင်းချက် မထွက်လာဘဲ ဆူလ​၏အမှောင်နယ်မြေ ပို၍ဆိုးဝါးလာသောအခါ ပန်သျှားသည် သူ​၏ပြောစကားအတိုင်း ဥတ္တရနှင့်ချစ်ကြည်ရေးကို ဖျက်သိမ်းခဲ့သည်။
ပန်သျှားက သန္နီး​၏ပဲတင်သွင်းမှုကို ဖျက်လိုက်သဖြင့် သန္နီးရှိလယ်သမားများ ဒုက္ခရောက်ခဲ့ရသည်။ ဤသည်က သန္နီးကို ပုန်ကန်မှုဖြစ်စေရန် တွန်းအားပေးခဲ့သည်။

သို့စေကာမူ ခေမာဘုရင်လက်ထက်က သန္နီးကို မင်းသားအရုဏ အနိုင်တိုက်နိုင်ခဲ့၍ ပြန်လည်ရယူပြီးဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now