Chapter-4(U)

1.8K 260 149
                                    

ယခုမှာ ဝေးကွာခဲ့သော်လည်း
ဘဝသရာ ထိုတစ်ကွေ့မှာဖြင့်
ဆုံတွေ့ကာ ကျွမ်းဝင်လိုပါကြောင်း
တောင်းဆုခွန်းငယ်ခြွေသည်
စစ်မှန်ရာ မေတ္တာအားပေမို့
ပြည့်ရစေသား....

×××××

ဟံသာဝတီနန်း၏ ညီလာခံသဘင် ။

စစ်သည်ငယ်လေးတစ်ဦးက မှူးမတ်သေနာပတိတို့အလယ် ရာဇပလ္လင်ထက်ဝယ် တည်ကြည်ဝင့်ထည်စွာစံမြန်းနေသော မွန်အရှင်သခင်ရှေ့တော်မှောက် ဝပ်တွားခစားလျက် ။

"အဘယ်အကြောင်းကြောင့် ညီလာခံသဘင်ကို အခစားဝင်ရသလဲ မင်းချင်းငယ်"

တည်ကြည်လေးနက်သည့်အမေးစကားအဆုံးဝယ် မင်းခလုလင်ပျိုလေးက ဆောင်ကျဉ်းလာခဲ့သော ပေလွှာတစ်ချပ်ကို ရေမြေ့သခင်ထံ ဆက်သလာပါ၏ ။

"ကွပ်မျက်ခံလိုက်ရပြီးဖြစ်တဲ့ ရတနာပူရအိမ်ရှေ့စံမင်းသားရဲ့ စာသဝဏ်ပါ အရှင်"

ရတနာပူရဆိုသည်နှင့် ချက်ချင်းပင်လျှင် အေးစက်မာကျောသွားခဲ့သော အရှင်သခင်၏မျက်နှာတော်က တင်းတင်းမာမာ ။ ခေါင်းထောင်လာကြသော မှူးမတ်တို့၏စကားသံအချို့နှင့် ညီလာခံနန်းက ခပ်ကျွက်ကျွက် ။

ယောက်ျားသားချင်းမေတ္တာမျှသည်ဆိုသော မနှစ်မြို့ဖွယ်အချင်းအရာ ။
ရုန့်ရင်းသည့် ဝေဖန်ပုတ်ခတ်စကားတို့ ။
ညီတော်ငယ်စစ်သေနာပတိကိုပင် ဆင်ခြင်တုံတရားကင်းခဲ့စေလေသော လွဲမှားသည့်ဖူးစာရေး ။

ရတနာပူရအိမ်ရှေ့မင်းသည် သူ့အတွက်တော့ဖြင့် ရေစက်ဆိုးသာဖြစ်ချေ၏ ။

"ကိုယ်တော် မဖတ်လိုရော့ "

"အင်းဝဘုရင်ကတောင် မကန့်မကွက်ခွင့်ပြုပေးခဲ့မှတော့ နောက်ဆုံးသောဆန္ဒဖြစ်ပါလိမ့်မယ် အရှင်မင်းမြတ် ။ ကျွန်တော်မျိုးအရဲစွန့်လျှောက်တင်ရရင်ဖြင့် အကြီးလေးဆုံးသောအပြစ်ကိုကျူးလွန်သူအပြစ်သားတွေရဲ့ဆန္ဒကိုတောင် ဖြည့်ဆည်းပေးရိုးရှိပါလျက် သည်ကိစ္စ မျက်ကွယ်မပြုကောင်းထင့်"

မင်းတိုင်ပင်အမတ်ကပါ တောင်းဆိုလာသည်မို့ အရှင်သခင်က စိတ်ရှုပ်ထွေးစွာမျက်မှောင်တွန့်ချိုးသွားသော်ငြား စာလွှာကိုဖတ်ခွင့်ပြုခဲ့၏ ။

ဟံသာဝတီ မျက်ပြေလွှာ (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Where stories live. Discover now