ထိုမိန်းကလေးမှာ ယွမ်ရှန်းဖြစ်၏။ မားမားချောင်က သူမလေး၏ ဖြောင့်ဆင်းသော နှာတံလေးကို ပွတ်ဆွဲလိုက်သည်။ "သမီးရဲ့ ဒုတိယအစ်မက အိမ်ထောင်ကျပြီးသွားပြီလေ။ ဘာတွေ ကဖို့ အချိနအချိန်ရှိဦးမှာလဲ"

"အဲ့တာဆို အိမ်ထောင်ကျပြီးသွားရင် ကလို့ မရတော့ဘူးပေါ့နော်"

"အိမ်ထောင်ကျပြီးသွားရင် အိမ်ထောင်ရှင်မက အလုပ်တအာစရှုပ်တာလေ၊ သမီးရဲ့။ ချက်ပြုတ်ရတယ်၊ သန့်ရှင်းရေးလည်း လုပ်ရသေးတယ်။ ဘယ်မလဲ အားတဲ့အချိန်"

မိန်းမငယ်လေးက မျက်မှောင်ကြုတ်လိုက်၏။ "တကယ်ကြီးလား။ ဒါဆိုရင် သမီးအိမ်ထောင်မပြုတော့ဘူး။ လက်ထပ်ပြီး သီချင်းလည်း ဆိုလို့မရ၊ ဗျတ်စောင်းလည်း မတီးရနဲ့ တော်တော်ပျင်းဖို့ကောင်းမှာပဲ"

မားမားချောင်က ပြုံး၏။ "အရူးမလေး၊ သမီး ဘယ်လိုလုပ် အိမ်ထောင်မပြုဘဲ နေမလဲကွယ့်"

ကောင်မလေးက နောက်မှီ၍ စဉ်းစားလိုက်ကာ ပြတ်သားစွာ ပြောလာ၏။ "သမီး ယောကျာ်းမယူဘူး။ မားမားချောင်နဲ့ပဲ နေသွားမှာ"

မားမားချောင်က သူမ ပြောသည့် ကိစ္စကို ရယ်မောရင်းဖြင့်ပင် ကျော်ချသွားလိုက်သည်။ သည်မိန်းမငယ်လေး သုံးယောက်က သူမ၏ သမီးအရင်းများ မဟုတ်ကြသော်လည်း သူမကိုယ်တိုင် သူမတို့ကို ပြုစုပျိုးထောင်ပေးခဲ့၏။

တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးက ကြိုတင်ဟောကိန်းတစ်ခု ထုတ်ခဲ့သည်။ ဤမိန်းကလေးသုံးယောက်၌ နှစ်ယောက်ကတော့ ထူးခြားလိမ့်မည်ဟူ၏။

တစ်ယောက်က နဂါးတစ်ကောင်ကို ထောက်ပံ့ပေးမည့်သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဇာမဏီဖြစ်လာမည့် ကံကြမ္မာရှိသည်ဟု ဟောခဲ့လေသည်။ [1]

ဘုန်းတော်ကြီးအိုသည် အဆက်အစပ်မရှိ ပြောခဲ့သောကြောင့် မားမားချောင်က ထိုကိစ္စကို စိတ်ထဲမထားခဲ့ပေ။ သို့သော် ယခုတွင် သူမစိတ်ထဲ ပြန်သတိရကာ တွေးနေမိသည်။ သူမ၏ မိန်းမငယ်လေး သုံးယောက်အကြောင်း တွေးနေခြင်းဖြစ်၏။

တစ်ယောက်က မြေပိုင်ရှင်သူဌေး၏ ဇနီးငယ်အဖြစ် လက်ထပ်သွားပြီး နောက်တစ်ယောက်ကတော့ တံငါသည်ကို လက်ထပ်သွားခဲ့၏။ မည်သည်က နဂါးကိုထောက်ပံ့မည့်သူနှင့် ဇာမဏီတို့ ဖြစ်လာနိုင်ပါ့မည်နည်း။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now