Episode ( 10 )

615 54 9
                                    

[ Zawgyi ]
---------------

အဝေးသင်စာမေးပွဲတွေအကုန်ပြီးသွားတာမို့ ညီလည်း ပြန်အားလပ်သွားသည် ။ ဒါကြောင့် တစ်ပတ်မှာတစ်ရက် ပညာဒါနစာသင်ပေးရတဲ့ဘုန်းကြီးကျောင်းဆီသို့ ကောင်းမြတ်နဲ့အတူသွားတိုင်း သူလည်း volunteer အနေနှင့်လိုက်ဖြစ်ခဲ့ပါသည် ။

ကြားရက်တွေမှာ ကျောင်းမရှိတော့ပေမဲ့ ညီက နေ့တိုင်းစာသွားစစ်ပေးရတာကြောင့် သူတို့ ၂ ယောက်အေးအေးဆေးဆေးတွေ့ဖြစ်တဲ့အချိန်ဆိုလို့ စနေ တနင်္ဂနွေရုံးပိတ်ရက်တွေသာရှိသည် ။ အခုလို ပညာဒါနကျောင်းဆီအတူတူသွားရတဲ့နေ့ဆို သူ အပျော်ဆုံးပါပဲ ။

ကောင်းမြတ်ရယ် ခြူးရယ်က တစ်ကား သူနဲ့ညီကသက်သက်တစ်ကားဆီ အတူတူသွားဖြစ်ရင်း သူငယ်ချင်းတွေလူစုံတက်စုံမို့ စာသင်ပြီးသွားချိန်ဆို စကားတွေကဖောင်ဖွဲ့လို့မဆုံးတော့ ။ ကောင်းမြတ်ပြောသလို ကျောင်းထိုင်ဘုန်းကြီးကလည်းသဘောကောင်းလှသည် ။ ကြည်ညိုဖို့လည်းကောင်းသလို အေးအေးဆေးဆေးလည်းရှိကာ ဒကာ ဒကာမတွေအပေါ်လည်း လူရင်းတွေအလား နွေးထွေးစွာနဲ့ဆက်ဆံပေး၏ ။

စာသင်ပေးရတဲ့ကျောင်းဆောင်ကသက်သက်ရှိပြီး ကိုရင်လေးတွေ ဦးဇင်းတွေရဲ့ကျောင်းဆောင်နဲ့အနည်းငယ်ခပ်လှမ်းလှမ်းမှာဆောက်ပေးထားတာကြောင့် ကိုရင်တွေအတွက်လည်း အနှောင့်အယှတ်မဖြစ်လှ ။ စာသင်ခန်းတွေခွဲထားပြီး သင်ပေးရတဲ့ဘာသာချင်းမတူ သင်ခန်းစာချင်းမတူ၍ လာတက်ကြတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကလည်း အရွယ်စုံဆိုဒ်စုံပါပဲ ။

ကောင်းမြတ်နဲ့ညီ သင်ပေးရတာက speaking class မို့ လာတက်ကြတဲ့သူများကာ ၂ ခန်းခွဲထားတာတောင် အခန်းကပြည့်ချင်နေပြီ ။ ဆယ်တန်းပြီးကာစ ဆယ်ကျော်သက်အရွယ်လေးတွေလည်းရှိသလို တစ်ချို့ဆိုရင် သူ့ထက်ပင်အသက်ကြီးတဲ့အထိရှိသည် ။

ပညာဆိုတာ အိုသည်မရှိတဲ့ ။ တကယ်ပညာလိုချင်တဲ့သူတွေအတွက်ကတော့ အသက်အရွယ်အပိုင်းအခြားဆိုတာ အရေးမကြီးပါဘူး ။ သင်ယူလိုက်နာချင်စိတ်နဲ့ ဇွဲရှိပြီးကြိုးစားဖို့ပဲလိုတာ ။

ကောင်းမြတ်ကတော့ပြောပါတယ် … အတန်းစစဖွင့်ချင်းမို့သာလူများတာတဲ့ ။ ပညာဒါနမှာလာတက်တဲ့သူတွေအားလုံးက အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့အခြေခံလူတန်းစား လူလတ်တန်းစားတွေဖြစ်လို့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူချည်းပဲမို့ နောက်ဆို မအားမလပ်တွေဖြစ်လာတဲ့အခါ ကျောင်းချိန်မမှန်ကြတော့ဘူးဟုဆိုသည် ။

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Where stories live. Discover now