"စီးစရာတွေလဲ ကုန်ပြီ...စားစရာတွေလဲအစုံစားထားပြီးပြီဆိုတော့ ကိုကိုတို့ပြန်ကြတော့မလား"

ပန်းရောင် cotton candyတွေ ကိုယ်စီကိုင်ရင်းဖြင့် ကျယ်ဟန့်က ချင်းအာထံအမေးဆိုလိုက်တော့ ကလေးမက သိပ်ပြီးပြန်ချင်သေးပုံမပေါ်။ ဟိုဟိုဒီဒီမျက်လုံးကစားရင်းကနေမှ ခေါင်းခါကာအဖြေပြုလာသည်။

အခုချိန်မပြန်လို့တော့မဖြစ်...နေ့လည်၃နာရီကျော်ကျော်လောက်ထဲက နှစ်ယောက်သား အိမ်ကနေထွက်လာခဲ့ကြသည်မို့ ဒီ့ထက်မှောင်တဲ့အထိ ဆက်နေနေလျှင် လောင်မားဆီက အဆူခံရနိုင်သည်။ ခံရလျှင်လဲ အဓိက အဆူခံရမည့်သူက မိမိပေမို့ ကျယ်ဟန့်က အိမ်ပြန်နိုင်ဖို့အရေး ကလိမ်ကကျစ်ဉာဏ်နီဉာဏ်နက်လေးတွေကို ထုတ်သုံးရတော့သည်။

သူက ချင်းအာရဲ့လက်သေးသေးကို တွဲကိုင်ထားရာကနေ လွှတ်လိုက်ပြီး ဘောင်းဘီဘေးအိတ်ထဲက လက်ကိုင်ဖုန်းကို ထုတ်ယူကာ နားနားကပ်လိုက်သည်။

"ဟယ်လို လောင်မား"

ချင်းအာက သူ့ဆီချက်ချင်း မျက်လုံးအဝိုင်းသားလေးဖြင့် မော့ကြည့်လာသည်။ သူမရဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာက cotton candyတွေ ပေပွလို့ပေါ့။

"ဒါပေါ့ လောင်မားရဲ့..ချင်းအာလဲ အများကြီးဆော့ပြီးပြီ...ဟုတ် သားတို့လဲအခုပဲပြန်လာတော့မလို့...ဟုတ်ကဲ့ ဟုတ်ကဲ့"

"လောင်မားက ပြန်လာတော့တဲ့လားကိုကို?"

"အင်း...အရမ်းနောက်မကျခင်ပြန်လာတော့တဲ့...ဘယ်တတ်နိုင်မလဲနော် အခုပြန်ရတော့မှာပေါ့"

ကျယ်ဟန့်က ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်ရင်း ဟန်ဆောင်ညည်းညူပြတော့ ချင်းအာက ကျယ်ဟန့်ထည့်လိုက်တဲ့ဖုန်းကိုတစ်လှည့် ၊ ကျယ်ဟန့်မျက်နှာကိုတစ်လှည့်ကြည့်ရင်းဖြင့်......

"ထူးဆန်းလိုက်တာနော်...ကိုကိုဖုန်းထည့်တဲ့အိတ်ကပ်နေရာနဲ့ ချင်းအာရဲ့ခေါင်းနဲ့က နီးနီးလေးရှိနေတာကို ဖုန်းမြည်တဲ့အသံကျ ကိုကိုကကြားပြီး ချင်းအာကမကြားဘူး"

"အယ်! အော် ဒါက ကိုကိုက ဖုန်းကို အသံပိတ်ထားတာလေ...vibrate moodကြောင့် ကိုကိုက ဖုန်းလာတာကိုသတိထားမိတာ ချင်းအာလေးကတော့ ဘယ်သိပါ့မလဲ"

302 (Completed)Where stories live. Discover now