Part-24

289 65 7
                                    

Unicode

လက်နှစ်ဖက်စလုံး အထုတ်အပိုးအပြည့်နဲ့ အိမ်ပြန်ရောက်လာတဲ့ ကျန်းကျယ်ဟန့်ရဲ့မျက်နှာထားဟာ အိမ်ကစထွက်စဥ်ကလောက် မသာယာနိုင်တော့။

ခြံဝန်းထဲမှာကစားနေတဲ့ ချင်းအာက အကိုဖြစ်သူဆီက အထုတ်တွေကို မျှသယ်ဖို့ အပြေးလေးလှမ်းလာ၏။

"ကိုကို ပြန်လာပြီ! ပေး ချင်းအာ ကူသယ်ပေးမယ်"

ကျယ်ဟန့်က သိပ်မ​လေးတဲ့ အထုတ်တစ်ခုနှစ်ခုလောက်ကို ချင်းအာဆီ လက်ပြောင်းပေးလိုက်သည်။

ရွှင်လန်းပြီး အပြစ်ကင်းစင်စွာ ပြုံးရယ်နေတဲ့ ချင်းအာဆီ သူပြန်ပေးမိတာက ဖျော့တော့တော့အပြုံးတစ်ခုသာ။

"ကိုကိုနေမကောင်းဘူးလားဟင်?"

"မဟုတ်ပါဘူး ချင်းအာလေးရဲ့...ကိုကို နေကောင်းပါတယ်"

"ဟင်...ဒါဆို ဘာဖြစ်လို့ ကိုကို့မျက်နှာက အားမရှိတဲ့ပုံပေါက်နေတာလဲ...ကိုကို့မှာ ဝမ်းနည်းစရာရှိနေလို့လားဟင်?"

ကျယ်ဟန့်က သက်ပြင်းဖွဖွချလိုက်ပြီး ခါးကိုကိုင်းလို့ စိတ်ပူနေဟန်မျက်နှာထားလေးနဲ့ချင်းအာကို နှစ်သိမ့်ဖို့ကြိုးစားလိုက်သည်။ သူက ထုံးစံအတိုင်း ချင်းအာရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း.......

"ကိုကို ဘာမှမဖြစ်ပါဘူး ချင်းအာရဲ့...
နေမကောင်းလဲမဖြစ်ဘူး...ဝမ်းနည်းစရာလဲမရှိဘူး...ဒီတိုင်း လမ်းအကြာကြီးလျှောက်လာရလို့ နည်းနည်းပင်ပန်းနေရုံပါ"

"ဒါဆို ချင်းအာ ကိုကို့ကို ရေအေးအေးလေးတစ်ခွက်တိုက်မယ်...လာ ကိုကို အိမ်ထဲဝင်ရအောင်"

ချင်းအာက လက်တစ်ဖက်က အထုတ်သေးသေးလေးတွေကိုဆွဲ ၊ ကျန်လက်တစ်ဖက်ကတော့ အကိုဖြစ်သူ ကျယ်ဟန့်ရဲ့လက်ကိုဆွဲလို့ ခြံဝန်းထဲကနေ အိမ်လေးဆီ ဦးတည်သည်။ လမ်းလျှောက်နေရင်းကနေ သူမက ဘာသိဘာသာ စကားဆိုလိုက်သေး၏။

"အိမ်မှာ ဧည့်သည်ရောက်နေတယ်သိလား ကိုကို"

"ဟင် ဟုတ်လား...ဘယ်သူပါလိမ့် ချင်းအာလေး သိလား"

"မသိပါဘူး ကိုကိုရယ်...တစ်ခါမှ မမြင်ဖူးဘူး...ချင်းအာက စပ်စုချင်သေးတာကို လောင်မားက ခြံထဲဆင်းဆော့ဆိုပြီး အတင်းနှင်လွှတ်တာ"

302 (Completed)Where stories live. Discover now